ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား   စက်တင်ဘာ ၇

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ပြေးခုန်ပစ်ဆပ်ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍   ၂၀၂၆   ခုနှစ်  ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပသည်။

အဆိုပါ   ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး မီတာ ၁၀၀ မှ မီတာ ၃၀၀၀ အထိ ကျား/မ အပြေးပြိုင်ပွဲများ၊ မီတာ ၁၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ တန်းမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကာ ပြိုင်ပွဲအားကစားသမားများမှ ပြည်နယ်လက်ရွေးစင်ပြေးခုန်ပစ်အသင်းအတွက်  လူရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ  ဖျော်ဖြေရေးအဖွဲ့များအတွက်  ချီးမြှင့်ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆  ခုနှစ် တိုင်းဒေသကြီးနှင့်  ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပွဲသို့ တက်ရောက်၍ အားပေးစကားပြောကြားသည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်က  ပြိုင်ပွဲဝင်ရောက်ကြမည့် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၅ သိန်းကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အောင်နိုင်ရေးကော်မတီအဖွဲ့က ငွေကျပ် သိန်း ၅၀ ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြည်နယ်(ပြန်/ဆက်)