မြစ်ကြီးနား သြဂုတ် ၁၆
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ အမျိုးသား ငါးယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် တတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည့် ကချင်ပြည်နယ် လက်ရွေးစင်ဘတ်စကက်ဘောအသင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ အောင်ပွဲရလက်ရွေးစင်ဘတ်စကက်ဘောအသင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ လီဆူရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများ၊ ယူချိန်ကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့်အတူ ဂုဏ်ပြုပန်းကုံး၊ အောင်သပြေခက်တို့ဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ပွဲရလက်ရွေးစင်ဘတ်စကက်ဘောအသင်း ကြိုဆိုရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


