မြစ်ကြီးနား သြဂုတ် ၁၀
ကချင်ပြည်နယ်အတွင်း ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၁၈ မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၅၇၉ ကျောင်းရှိသည့်အနက် ၂၀၂၆ - ၂၀၂၇ ပညာ သင်နှစ်တွင် ၈၇၂ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ၇၀၇ ကျောင်းမှာ နယ်မြေအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် မဖွင့်လှစ်နိုင်သည့် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး တပ်မတော်၊ ဌာနဆိုင်ရာများ၊ ရပ်/ ရွာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများအားလုံးက ချိတ်ဆက်ပေါင်းစပ်ပြီး လုံခြုံရေးအစီအမံများ ချမှတ်ကာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယနေ့ နံနက်ပိုင်းကကျင်းပသည့် နယ်မြေလုံခြုံရေး အခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ပြောကြားချက်အရ သိရှိရသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့ပြင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများအနေဖြင့် ၄၄ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရသည့်အတွက် ရပ်/ ရွာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၏ ဒေသအလိုက် လိုအပ်ချက်၊ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပြီး ဖွင့်လှစ်နိုင်ရေး တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ပါဝင်ဆွေးနွေးခဲ့ပြီး ပြည်နယ်ပညာရေးမှူးက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများစာရင်းနှင့် မဖွင့်နိုင်သေးသည့် အခြေခံပညာကျောင်းများ၏ နယ်မြေအခြေအနေ၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး မျိုးဆွေက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/ မြို့နယ်များအလိုက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများအခြေအနေကို ရှင်းလင်းတင်ပြကြပြီး တိုင်းမှူးက လိုအပ်သည်များကို ဖြည့်စွက်သုံးသပ်ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲကို တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


