ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ယခင်နှစ်များထက် စည်ကား

မြစ်ကြီးနား အောက်တိုဘာ ၂၇

 

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးများတွင် ယမန်နေ့ သီတင်းကျွတ်လပြည့်က ကုသိုလ်ဒါန ပြုကြသူများ၊ ဆီမီးပူဇော်ပွဲများ၊ မီးပုံးပျံ လွှတ်တင်ပူဇော်မှုများ၊ မင်းရပ်ပြည်သူ့ အားကစားကွင်းအတွင်း သီတင်းကျွတ် မီးထွန်းပွဲတော်နှင့်     ပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့ပြီး ယခင်နှစ်များထက် စည်ကားခဲ့သည်။

 

သီတင်းကျွတ် လပြည့်ညတွင် ပြည်သူများက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်    ဆုတောင်းပြည့် စေတီတော်ရင်ပြင်၌ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်မှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က သွားရောက်ကြည့်ရှု အားပေးကြပြီး အတူတကွ  ဆီမီးထွန်းညှိပူဇော်ကာ မုန့်နှင့် အချိုရည်ဘူးများကို စတုဒိသာအဖြစ် ဧည့်ခံကျွေးမွေးသည်။

 

ထို့အတူ ရပ်တော်မူရုပ်ပွားတော်မြတ်ကြီး၊ လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးနှင့် ရှေးဟောင်း သမိုင်းဝင် အံတော်ရှင်စေတီတော်မြတ်ကြီးတို့တွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ကုသိုလ်ဒါနပြုခြင်းတို့ကို ပြည်သူများနှင့်အတူ ဆောင်ရွက်ခဲ့ပြီး သီတင်းကျွတ် မီးထွန်းပွဲတော် အထိမ်းအမှတ် ဈေးပွဲတော်ဆိုင်ခန်းများတွင် လာရောက်လည်ပတ်ကြသည့် ပြည်သူများအား ကြည့်ရှုအားပေးကြသည်။

 

အလားတူ မင်းရပ်ကွက် ပြည်သူ့အားကစားကွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဖျော်ဖြေပွဲများ ကျင်းပနေမှု၊ ဌာနဆိုင်ရာများစုပေါင်း၍ မြန်မာ့ရိုးရာ အစားအစာများ စတုဒိသာကျွေးမွေးနေမှုတို့ကို  ကြည့်ရှုအားပေးပြီး ပြည်သူများနှင့်အတူ ရောင်စုံ မီးရှူးမီးပန်းများ ပစ်ဖောက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။

 

ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ  သုံးရက်ကြာ ကျင်းပသွားမည့် သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို  ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

           

ပြည်နယ်(ပြန်/ဆက်)