ကျိုက်ထို၌ ကျူးကျော်နေအိမ်(၇)လုံး မီးလောင်မှုဖြစ်ပွား

ကျိုက်ထို  ၂၆  ဇန်နဝါရီ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက်ရှိ ကျူးကျော်များနေထိုင်သည့်နေရာတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

2214

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့်က ဇေယျာမွန်ရပ်ကွက် ကျူးကျော်အိမ်ထောင်စုများ နေထိုင်ရာနေရာရှိ ဦးဇော်လင်း (၄၀)နှစ်၏ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းနေအိမ် အပါအဝင် နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

 

2601

 

မီးလောင်ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွေးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၂)စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊ လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် ဦးဇော်လင်းအား ကျိုက်ထိုမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)