ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများ ဖျက်သိမ်းရန် အာဆီယံဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်

ရန်ကုန် ၂  ဩဂုတ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအားလုံး ဖျက်သိမ်းခဲ့သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြိုင်ပွဲများဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ လာမည့်နှစ်တွင် ကျင်းပမည်ဖြစ်သည်။ အခြားပြိုင်ပွဲများဖြစ်သည့် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ် ကလပ်ပြိုင်ပွဲနှင့် အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲတို့ကို ဖျက်သိမ်းခဲ့ပြီး တစ်နှစ် တစ်ကြိမ်ကျင်းပနေသည့် ပြိုင်ပွဲများဖြစ်၍ လာမည့်နှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပမည့်ပြိုင်ပွဲများကို မေလတွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် လာမည့်နှစ်မှသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အပါအဝင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများမှာလည်း ခွင့်ပြုချက်မရသေးသောကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများအပေါ် မူတည်၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ