ကိုဗစ်-၁၉ နှင့် ကောလာဟလများ

ခိုင်မြဲသူယျ

 

တရုတ်နိုင်ငံဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် တစ်ကမ္ဘာလုံးနီးနီး ပျံ့နှံ့လာပြီဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ယခုအခါတွင် ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅ ဦးတိတိ (မတ်လ ၃၁ ရက်နေ့အထိ) ပေါ်ထွက်လာ၏။ နိုင်ငံတော်အစိုးရသည်လည်း တစ်ကမ္ဘာလုံးအနှံ့ ယင်းဗိုင်းရပ်စ်ကူးစက်မှု အရှိန်အဟုန် မြင့်လာစဉ်ကတည်းက ကြိုတင်စီမံပြင်ဆင်မှု၊ ဆောင်ရွက်ထားမှုနှင့် အစီအစဉ်များကို လျင်လျင်မြန်မြန်ပင် စတင် အကောင်အထည်ဖော်လာ၏။

 

လူထူထပ်သောနေရာများကို ရှောင်ရှား

ပြည်သူများအနေဖြင့်မကြာခဏလက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့၊ တစ်ဦး နှင့်တစ်ဦး သုံးပေအကွာတွင် နေထိုင်ဖို့၊ တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်ထဲမှာသာနေဖို့ အစရှိသော တစ်ဦးချင်း နေထိုင်ပြုမူလိုက်နာရမည့် အချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးခဲ့သည်။ ထို့ပြင် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန်သာမက ပွဲလမ်းသဘင် အလှူမင်္ဂလာအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ကြရန် ဒေသန္တရအမိန့်များ ကိုလည်း အသီးသီးထုတ်ပြန် တားမြစ်ခဲ့သည်။

 

ပြည်ပမှ နိုင်ငံတွင်းသို့ ပြန်လာခဲ့သောလူများကိုလည်း လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး ဗိုင်းရပ်စ်ကူးစက် ခံထားရသော လက္ခဏာတွေ့ရှိပါက သံသယလူနာအဖြစ် သတ်မှတ်၏။ ထို့နောက်၁၄ ရက် သီးခြားနေထိုင်စေလျက် စောင့်ကြည့်ခြင်းများ၊ ကုသခြင်းများနှင့် အမှန်တကယ်ဗိုင်းရပ်စ် ရှိ၊ မရှိ ဓာတ်ခွဲ အဖြေရှာခြင်းများ စသည်တို့ကိုလည်း ပြုလုပ်၏။ မြန်မာအစိုးရသည် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံပိုင်မီဒီယာများနှင့် သက်ဆိုင်ရာနေရာ ဌာနအသီးသီးတွင် တိတိကျကျ မြန်မြန်ဆန်ဆန် အချိန်နှင့်အမျှ သတင်းထုတ်ပြန်ပေးသည်။ ပုဂ္ဂလိက သတင်းမီဒီယာအချို့ကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အလားတူ အသိပေးဖော်ပြကြသည်။

 

သို့သော် အစိုးရနှင့်ပုဂ္ဂလိကမီဒီယာအချို့မှ တိကျသေချာသော သတင်းအချက်အလက်များကို ထုတ်ပြန်သော်လည်း သတင်းမှား၊ သတင်းတုနှင့် ကောလာဟလများသည် လူမှုကွန်ရက်၊ ဈေး၊ ဘူတာ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အစရှိသောနေရာအချို့နှင့် လူအချို့ကြားတွင် ပျံ့နှံ့ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာ ၃၃ ယောက်အထိ ကူးစက်ခံနေရ ကြောင်း၊ ဈေးဆိုင်နှင့် ဆေးဆိုင်များ ပိတ်သိမ်းနေကြကြောင်း၊ တစ်နိုင်ငံလုံးအနှံ့ တစ်မြို့နှင့်တစ်မြို့ တစ်နေရာနှင့် တစ်နေရာကို ကူးသန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်ပင်တားဆီးလိုက်ကြောင်း အစရှိသည့် မဟုတ်မမှန်သတင်းများ ကောလာဟလ များသည် လူထုအကြား ပျံ့နှံ့ရောက်ရှိခဲ့ကြသည်။

 

ထိုအခါ နဂိုကြောက်ရွံ့ စိတ်အခံရှိသော ပြည်သူအချို့သည် ပိုမိုကြောက်ရွံ့ ထိတ်လန့်တုန်လှုပ်ကြ၏။ ဈေးဆိုင်များသို့ စားသုံးကုန်ပစ္စည်းများကို အလုအယက် စုပြုံတိုးဝှေ့ဝယ်ယူကြသည်။ ထို့ကြောင့် ဝိသမလောဘသားအချို့က အခြေခံ စားသောက်ကုန်များနှင့် အခြားကုန်ပစ္စည်းအချို့ကို ဈေးတင်ရောင်းခြင်း၊ လူအများ စုပြုံတိုးဝှေ့နေကြသဖြင့် ဗိုင်းရပ်စ်များ ပိုမိုကူးစက်လာနိုင်ခြင်း၊ ဗိုင်းရပ်စ်အပေါ်တွင် အစိုးရိမ်အကြောက်လွန်ကာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်ခြင်းတို့အပါအဝင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

 

ကိုဗစ်-၁၉ စိန်ခေါ်မှုကြီးကို အနိုင်ယူ

ထိုသို့ ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်လာသော ကောလာဟလများကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် မတ်လ ၂၄ ရက် ညဦးပိုင်းတွင် မိန့်ခွန်းပြော ကြားခဲ့ရသည်။ (ထိုအချိန်က ကိုရိုနာဗိုင်းရပ်စ်လူနာမှာ နှစ်ဦးသာရှိသေး၏။) လူများအနေဖြင့် ထိန့်လန့်ကြောက်ရွံ့ တုန်လှုပ်မှုမဖြစ်ကြဘဲ ခေါင်းအေးအေးထားပြီး သတိကြီးစွာဖြင့် သက်ဆိုင်ရာအစိုးရဌာနများက ထုတ်ပြန်သော ညွှန်ကြားချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ ဈေးဝယ်စင်တာများ ပိတ်သိမ်းဖို့ အစီအစဉ်မရှိသေး သည့်အတွက် စုပြုံတိုးဝှေ့ပြီး မဝယ်ကြဖို့၊ ရောဂါ လက္ခဏာပေါ်လာပါက စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိ ဆိုသကဲ့သို့ ကျန်းမာရေးဌာနသို့ အချိန်မီသွားရောက်အကြောင်းကြားဖို့၊ ဆန္ဒ၊ ဘယာ၊ ဒေါသ၊ မောဟ အစရှိသော အဂတိတရားလေးပါးတွန်းပို့ရာ ဆွဲဆောင်ရာကို မလိုက်ပါဘဲ ညီညီညွတ်ညွတ်နဲ့ ကိုယ်ချင်းခွာထားသော်လည်း နှလုံးသားချင်း နီးကပ်စွာ နဲ့ ရင်ဆိုင်ကြဖို့၊ ကောလာဟလတွေကို နားဝင်ပြီး လမ်းမှားပေါ်မရောက်စေရန် သတိ၊ ဝီရိယ၊ ပညာ စသည်တို့ကိုအားထားပြီး ကိုဗစ်-၁၉ စိန်ခေါ်မှုကြီးကို အနိုင်ယူကြဖို့ အစရှိသည်တို့ကို ပြောကြားခဲ့လေသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သကဲ့သို့ပင် ကျွန်တော်တို့ နိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော ကောလာဟလများကို အယုံလွယ်ပြီး လမ်းမှားသို့ မလိုက်ကြရန် အရေးကြီးပါသည်။

 

တကယ်တော့ ကျွန်တော်တို့လူသားများသည် ပင်ကိုအားဖြင့် အသိဉာဏ်ရှိသော သတ္တဝါတစ်မျိုးဖြစ်သလို ကောလာဟလ သတင်းစကားများကို လွယ်လင့်တကူ ယုံကြည်တတ်ကြသော သဘောသဘာဝလည်း ရှိကြပါသည်။ ထိုအချက်ကို စာရေးဆရာကြီး ဇေယျက ၁၉၃၈ ခုနှစ်ထုတ် သူကြီးဂေဇက်ဂျာနယ်တွင် အတွေးအမြင်ဆောင်းပါး သဘောမျိုး ရေးသားခဲ့သည်။ အနည်းငယ် ကောက်နုတ်ဖော်ပြရသော်-

 

"ရှေ့နောက်ညီညွတ်၊ ကျိုးကြောင်းဟုတ်မှန် ဧကန်ဖြစ်သောစကားကို လူတို့သည် ယုံကြည်ရန်ခဲယဉ်း၍နေကြ သော်လည်း ယုတ္တိယုတ္တာကင်းမဲ့ အခြေအမြစ်မရှိသော စကား၊ ရှေ့နောက် ဆက်စပ်ကြည့်ကာမျှနှင့်ပင်လျှင် မဟုတ်မမှန် ကြောင်း ဘွင်းဘွင်းကြီးပေါ်နေသော တစ်ဆင့်နားမှတစ်ဆင့် ကြားဖြစ်သော ကောလာဟလသတင်းစကားကိုမူကား ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကန်ဒိဋ္ဌပဲဟု လျင်လျင်မြန်မြန် ယုံကြည်လိုက်သည်ကား လူတို့၌ အလွန်ပင် ထူးခြားဆန်းကြယ် အံ့ဩဖွယ်ရာဖြစ်သော အချက်ကြီးတစ်ချက် ဖြစ်ချေသည်။"ဟူ၍ အစပျိုး ဖော်ပြထားပေသည်။ ဆက်လက်၍ ဆရာကြီးက ကောလာဟလသတင်းစကားကို ယုံကြည်ခြင်းသည် အကျိုးပျက်စီးနိုင်ကြောင်း ဇာတ်နိပါတ် ပုံပြင် အထောက်အထားများပေး၍ ရေးသားတင်ပြသည်။

 

ထို့နောက် ဆရာကြီးဇေယျက

"လောက၌ သက်ရှိသတ္တဝါအပေါင်းတို့တွင် လူတို့ကား ဆင်ခြင်နှိုင်းဆနိုင်သော အသိဉာဏ်တရား ပြည့်စုံသဖြင့် အမြင့်မြတ်ဆုံး ဖြစ်ပေသည်။ ထိုသို့ ဟုတ်မှန်ကျိုးကြောင်း ကောင်းမကောင်းကို ချိန်ဆနိုင်သော သတ္တိဉာဏ်စွမ်း ပင်လျှင် လူတို့၌ အကြီးဆုံး အခိုင်ဆုံးသော အကာအကွယ်ကြီးဖြစ်ပေသည်။ ထိုမျှ ကောင်းလှစွာသော အကာအကွယ်ကြီးကို မည်သို့သောအခါမျှ လက်မလွတ်ကြစေရန် အထူးသတိပြုအပ်ပေသည်" ဟူ၍ အသိဉာဏ်လည်းရှိပြီး အသိဉာဏ် ကိုလည်း အသုံးပြုတတ်သော လူသား၏တန်ဖိုးကို မြှင့်တင်ကာ အသိဉာဏ်ကို အသုံးပြုစေလိုသော စေတနာဆန္ဒနှင့် အတွေးအမြင်ကို ထုတ်ဖော်ကာ ဆောင်းပါးကို နိဂုံးချုပ်ဖော်ပြထားပါသည်။

 

ထုတ်ပြန်ချက်များကို လိုက်နာကျင့်သုံး

ထို့ကြောင့် အသိဉာဏ်ရှိသော ကျွန်တော်တို့လူသားများအနေဖြင့် မိမိတို့ အကျိုးမပျက်စီးစေရန် မိမိတို့သာ အခရာ ကျသည်ကို နားလည်သဘောပေါက် ကြရပေမည်။ ကိုဗစ်-၁၉ နှင့်ပတ်သက်သော ကောလာဟလများကို မယုံကြည် ကြဘဲ၊ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်မှုမဖြစ်ကြဘဲ ကောလာဟလ၏ သားကောင်အဖြစ်မခံဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၏ ထုတ်ပြန်ချက်များကို လေ့လာဖတ်ရှုပြီး လိုက်နာကျင့်သုံး ရန် လိုအပ်၏။

 

မှန်ကန်တိကျခိုင်မာသော သတင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ခြင်းဖြင့်လည်း ကောလာဟလများကို တိုက်ထုတ်ပစ်ရမည်။ကျွန်တော်တို့ ဦးနှောက်နှင့် နှလုံးသားကို အဆိပ်ခပ်သော ကောလာဟလ များကို လျော့နည်းပပျောက်အောင် လုပ်ဆောင်ရပါမည်။ နိုင်ငံသားအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရန် ရှာနေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို စည်းလုံးညီညွတ်စွာတိုက်ဖျက်ရမည့် ယခုလို အရေးကြီးဆုံးအချိန်တွင် မိမိကိုယ်တိုင်လည်း ကောလာဟလများ၊ သတင်းမှား၊ သတင်းတုများကို ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဖြန့်ဝေတာမျိုးမပြုလုပ်မိစေရန် အထူးအရေးကြီးပေသည်။