ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကူးစက်မှုတွေ လျော့နည်းစေဖို့အတွက် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို ယခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

အပတ်စဉ် တင်ဆက်ပေးနေတဲ့ ကိုဗစ် - ၁၉ အကြောင်းသိကောင်းစရာ အမေး / အဖြေ အစီအစဉ်က ပြည်သူတွေသိရှိလိုတဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေက ဆွေးနွေးတင်ပြလျက်ရှိပါတယ်။

 

အခုတစ်ပတ်မှာ ပါမောက္ခဒေါက်တာတင့်တင့်ကြည် [ပါမောက္ခ(ဆေးပညာဌာန)၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး]၊ ဒေါက်တာထွန်းမင်း [ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး]နဲ့ ဒေါက်တာမြင့်ကျော် [ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး] တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒေါက်တာထွန်းမင်းကို ဦးဆောင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒေါက်တာထွန်းမင်း။                 ။           ကျွန်တော့်အနေနဲ့ ကုသရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ပါမောက္ခဒေါက်တာတင့်တင့်ကြည်ကို ဖိတ်ခေါ်ပါတယ်။

 

ပါမောက္ခဒေါက်တာတင့်တင့်ကြည်။      ။           ကျွန်မအနေနဲ့ ကိုဗစ်ရောဂါ ရှာဖွေကုသရေးနဲ့ ပတ်သက်ပြီး အများပြည်သူ မေးမြန်းထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ရောဂါ အခြေအနေက ပိုးဝင်ပြီး ဘယ်နှစ်ရက်လောက်ဆို သိသာလာပါသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

 

 

လူတစ်ဦးက ရောဂါပိုးနဲ့ ထိတွေ့မှုရှိပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာ စပြီးပြတတ်ပါတယ်။ ရောဂါပျိုးရက်အတွင်းမှာ လက္ခဏာမပြဘဲ သူတစ်ပါးကို ကူးစက်စေနိုင်ပါတယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းတစ်ဆို့မှုဖြစ်ခြင်း၊ အနံ့မရခြင်းတွေ ဖြစ်တတ်ပါတယ်။ သွေးအတွင်း အောက်ဆီဂျင်ကျဆင်းမှုကို ၁၀ ရက်ကနေ ၁၁ ရက်အတွင်း သိရတတ်ပြီး ပိုဆိုးတဲ့လက္ခဏာတွေကို ၁၄ ရက်နောက်ပိုင်းကနေ ရက် ၂၀ အထိ တချို့လူတွေမှာ တွေ့ရတတ်ပါတယ်။ အများစု ၈၀ ရာခိုင်နှုန်းက ၁၀ ရက်အတွင်းမှာ ပြန်လည်ကောင်းမွန်တတ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

 

Rapid Test Kit တွေနဲ့ အမြန်ဆုံးစစ်ဆေးနိုင်ရဲ့သားနဲ့ အာခေါင်တို့ဖတ် ဘာလို့ယူနေရ သလဲဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး Rapid Test Kit နဲ့ စစ်ဆေးမယ်ဆိုရင် ဘယ်လိုဖြစ်ဖြစ်၊ RTCR နဲ့ စစ်စစ်၊ Rapid Test Kit နဲ့စစ်စစ် ကျွန်မတို့အနေနဲ့ ကိုဗစ်ရောဂါပိုး အများဆုံးရှိနိုင်တဲ့ နေရာဖြစ်တဲ့ နှာခေါင်းတို့ဖတ်၊ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့အပေါ်မှာ နမူနာယူရတာဖြစ်ပါတယ်။ သွေးကနေ ယူလို့မရကြောင်း ဖြေကြားလိုပါတယ်။ နှာခေါင်းထဲကို တုတ်တံနဲ့ထိုးပြီး ယူရတယ်ဆိုတော့ နာကျင်မှုရှိတာကို ကျွန်မတို့ နားလည်ပါတယ်။ မနာအောင် အထူးဂရုစိုက်ပြီး မနာအောင် ယူကြရတာဖြစ်ပါတယ်။

 

တံထွေးကနေ စစ်လို့ရပါသလား ဆိုပြီးမေးထားတာရှိပါတယ်။ တံထွေးကနေလည်း စစ်လို့ရပါတယ်။ တံထွေးအရည်မှာလည်း ဗိုင်းရပ်စ်ပိုးတွေကို တွေ့နိုင်ပေမယ့်၊ ရောဂါတွေ့ရှိမှုနှုန်းက အာခေါင်၊ နှာခေါင်း တို့ဖတ်ယူတဲ့အခါမှာ တွေ့ရှိရတာထက် မများတဲ့အတွက်ကြောင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ယူခြင်းဖြင့်သာ စစ်ဆေးနေရတာဖြစ်ပါတယ်။

 

သွေးစစ်ကြည့်ရင် ရောဂါအကြောင်း မသိနိုင်ဘူးလား မေးခွန်းနဲ့စပ်လျဉ်းပြီး ရောဂါ ရှိ / မရှိ၊ ရောဂါကို ရှာဖွေအမည်တပ်ဖို့ဆိုရင် သွေးကိုစစ်ဆေးခြင်း မရှိပါဘူး။ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ်ကိုယူပြီး စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားပြီး နာလန်ထတဲ့အချိန် သူ့ဆီမှာ ရောဂါပြီးဓာတ်(ပဋိပစ္စည်း) ဘယ်လောက်ရှိတယ်ဆိုတာကို သွေးဖောက်စစ်ဆေးကြည့်ရှုမှ သိနိုင်ကြောင်း ဖြေကြားလိုပါတယ်။

 

ကိုဗစ် - ၁၉ ကြောင့်ဖြစ်တဲ့ မကျန်းမာမှုက ဘဝတစ်ခုလုံးကို ဖြစ်နိုင်ပါသလား မေးခွန်းနဲ့ စပ်လျဉ်းပြီး ကိုဗစ် - ၁၉ ရောဂါကို လူတွေဖြစ်ကြတဲ့အခါမှာ ပုံစံ ၃ မျိုးရှိပါတယ်။ တချို့က သိပ်မဆိုးပါဘူး၊ မသိမသာ ခံစားရပါတယ်။ တချို့က ဆိုးပါတယ်။ တချို့က တော်တော်ကို ဆိုးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်ပေါ်မှာ တုံ့ပြန်တဲ့၊ တုံ့ပြန်မှုပေါ်မှာ မူတည်ပြီး လူရဲ့ခန္ဓာကိုယ်က ပြင်းထန်မှုတွေ ခံစားရတဲ့အခါမှာ အဆုပ်၊ နှလုံးနဲ့ တချို့ အာရုံကြောတွေမှာပါ ဗိုင်းရပ်စ်က ထိခိုက်တဲ့အတွက်ကြောင့် နာလန်ထမှာ နောက်ဆက်တွဲ ဝေဒနာတွေ ခံစားကျန်ရစ်နိုင်ကြောင်း ဖြေကြားလိုပါတယ်။ ဒီဗိုင်း ရပ်စ်ပိုးက HIV ဗိုင်းရပ်စ်ပိုးလို ခန္ဓာကိုယ်မှာ တစ်သက်လုံး ရှိနေလား၊ မရှိနေဘူးလားဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ပြောဖို့အတွက် စောနေသေးတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

 

ကာကွယ်ဆေးထုတ်သူတွေ အမျိုးအစားသတ်မှတ်ထားတဲ့ ဆေး ၂ ကြိမ်ထိုးပြီးတဲ့ လူတစ်ယောက်က အချိန်ဘယ်လောက်အထိ ဒီရောဂါကို ကာကွယ်ထားနိုင်ပါသလဲ မေးခွန်းနဲ့စပ်လျဉ်းပြီး ကာကွယ်ဆေးက ထုတ်လုပ်မှုပုံစံအပေါ်မှာ မူတည်ပြီး အမျိုးမျိုးရှိပါတယ်။

ဒုတိယအကြိမ် ဆေးထိုးပြီးမှသာ ရောဂါကို ခံနိုင်ရည်ရှိတဲ့ဓာတ်တွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒါက ဘယ်လောက်အထိ ခံမလဲဆိုတဲ့ မေးခွန်းအတွက် အထောက်အထားတွေ လုံလောက်စွာ မရှိသေးကြောင်း ဖြေကြားလိုပါတယ်။

 

ကိုဗစ်ရောဂါဖြစ်သူက နောက်ထပ် မကူးနိုင်တော့ဘူးလား၊ နောက်ထပ် ကူးနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ လူ ၇၆ သန်းက ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒီထဲမှာ တချို့က ကိုဗစ်ရောဂါပိုး ထပ်မံဝင်ရောက်တဲ့ အထောက်အထားတွေ ရှိပါတယ်။ အခုအချိန်အထိ ကိုဗစ်ရောဂါပိုး ကူးတဲ့သူတွေကို စောင့်ကြည့်တဲ့ စစ်တမ်းတွေမှာ ရက် ၉၀ အထိ ရောဂါ ခုခံဓာတ်တွေ သူတို့ခန္ဓာကိုယ်ထဲမှာရှိကြောင်း သိရပါတယ်။ နောက်ဆုံးစစ်တမ်း တစ်ခုက ကျန်းမာရေးဝန်ထမ်းတွေကို စောင့်ကြည့်တဲ့ စစ်တမ်းဖြစ်ပါတယ်။ အဲဒီကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ရောဂါဖြစ်ပြီး နောက်ထပ် ၆ လအထိ သူတို့မှာ ရောဂါပိုး ထပ်မံဝင်ရောက်မှု မရှိကြောင်း သိရှိရပါတယ်။

 

ပန်းနာရင်ကြပ် ရောဂါအခံရှိတဲ့သူ ကိုဗစ်ရောဂါဖြစ်ရင် ပိုဆိုးပါသလား မေးခွန်းနဲ့စပ်လျဉ်းပြီး ပန်းနာရင်ကြပ် ရောဂါအခံရှိတဲ့သူ ကိုဗစ်ရောဂါဖြစ်ရင် ပိုဆိုးတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ပိုဆိုးနိုင်တဲ့ အနေအထား အခြေအနေတွေက အသက်ကြီးတဲ့သူတွေ၊ သွေးတိုးနဲ့ ဆီးချို ရောဂါရှိတဲ့ သူတွေ၊ နှလုံးအားနည်းတဲ့သူတွေ၊ သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေ၊ အဝလွန်ရောဂါရှိတဲ့သူတွေ၊ ကင်ဆာရောဂါရှိတဲ့သူတွေ၊ နာတာရှည်ကျောက်ကပ် ရောဂါရှိတဲ့သူတွေ၊ ခန္ဓာကိုယ် အစားထိုးလဲလှယ်ပြီး နာတာရှည်ဆေးသောက်နေရတဲ့သူတွေမှာ သူတို့ရောဂါအခံတွေကြောင့် ကိုဗစ်ရောဂါဖြစ်ရင် ပိုမိုဆိုးရွားတဲ့ အခြေအနေဖြစ်လာတတ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

 

ကိုဗစ်ရောဂါဖြစ်ပြီး ဆေးရုံကနေ ပြန်လာတဲ့သူတွေ ဘာဆက်လုပ်သင့်တယ်၊ ဘာဆေးတွေ သောက်သင့်လဲဆိုတာ ဖြေကြားပေးပါ မေးခွန်းနဲ့စပ်လျဉ်းပြီး ကိုဗစ်ရောဂါဖြစ်ပြီး ပြန်လာတဲ့သူတွေအတွက် အထူးဆေးအနေနဲ့ ရေရှည်သောက်ဖို့ မရှိပါဘူး။ ဒါပေမယ့် ဆေးရုံကပြန်လာပြီး သာမန်မဟုတ်တဲ့ ရောဂါဆိုးဆိုးရွားရွားဖြစ်ပြီး နာလန်ပြန်ထတဲ့သူတွေအတွက် နာလန်ထအစီအစဉ်တွေ သေသေချာချာ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီအထဲမှာ သိသာထင်ရှားတာက အသက်ရှူလေ့ကျင့်ခန်းတွေ၊ ကြွက်သား အားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါတယ်။ နောက် လက်ဆေးခြင်း၊ နှာခေါင်းစည်း အသုံးပြုခြင်း၊ ခပ်ဝေးဝေးနေထိုင်ခြင်းဆိုတဲ့ အပြုအမှုတွေကိုလည်း ဆက်လက်ကျင့်သုံးနေဖို့ လိုပါတယ်။

ရောဂါဖြစ်ထားတဲ့အတွက် မိမိမှာ စိတ်အားငယ်တာနဲ့ စိတ်ပူပန်တာတွေလည်း ရှိတတ်တဲ့အတွက်ကြောင့် စိတ်ခွန်အားဖြစ်စေတဲ့ အခြေအနေတွေကိုလည်း ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ မိမိဘဝမှာ မိမိ ဘယ်လိုနေထိုင်သွားမလဲဆိုတဲ့ အစီအစဉ်တွေကို ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စိတ်ခွန်အားတက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း ဖြေကြားလိုပါတယ်။

 

ဒေါက်တာထွန်းမင်း။     ။           ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးနဲ့ ကပ်ရောဂါဗေဒဆိုင်ရာ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဒေါက်တာမြင့်ကျော်ကနေ ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒေါက်တာမြင့်ကျော်။    ။           ကျန်းမာရေး အသိပညာပေး အစီအစဉ်တွေက အလွန်ကောင်းပါတယ်။ အသိပညာတွေ မျှဝေပေးတဲ့အတွက် ပြည်သူလူထုရဲ့ ကျန်းမာရေးက မြင့်တက်လာမှာလည်း အသေအချာဖြစ်ပါတယ်။ Healthy Life Style ကို ခြုံငုံသုံးသပ်ပေးစေလိုပါတယ် ဆိုတဲ့ မေးခွန်းနဲ့ စပ်လျဉ်းပြီး ကျန်းမာရေးနဲ့ လျော်ညီတဲ့ လူနေမှုဘဝပုံစံ (Healthy Life Style) က ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့အတွက် အခြေခံကျ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီ Healthy Life Style ထဲမှာ ကျန်းမာရေးနဲ့လျော်ညီတဲ့အစားအစာတွေ၊ အစာအာဟာရတွေကို မျှတစွာစားသုံးဖို့လိုပါတယ်။

 

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချို၊ အဆီ၊ အငန်၊ ဓာတုဗေဒဆေးဆိုးထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဆိုတဲ့အတိုင်း သင့်လျော်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း နေ့စဉ်လုပ်ပေးဖို့လိုပါမယ်။ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်သေစာ၊ မူးယစ်ဆေးဝါးတွေကိုလည်း ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။

 

ရင်သွေးငယ်တွေကိုလည်း မွေးကင်းစမှ အသက်နှစ်နှစ်အထိ မိခင်နို့တိုက်ကျွေးခြင်းကိုလည်း မြှင့်တင်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဒီနေ့ကာလက ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်ကြရချိန် ဖြစ်တာကြောင့် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ရောဂါဘယကင်းဝေးခြင်းတို့အတွက် နှာခေါင်းဖုံး၊ ပါးစပ်ဖုံးလို့ခေါ်တဲ့ Mask တပ်ခြင်း၊ လက်ကို မကြာခဏဆေးခြင်းနဲ့ လူတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေအကွာနေထိုင်ခြင်းစတဲ့ New Normal လူနေမှုဘဝသစ်ပုံစံသစ်ကိုလည်း လိုက်နာနေထိုင်ဖို့ အထူးလိုအပ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

နောက်ဆုံးအနေနဲ့ ကိုဗစ်ကာကွယ် ဆေးထိုးထားပြီးသူကတစ်ဆင့် အခြားသူတွေကို ကူးစက်နိုင်ပါသလား၊ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ကာကွယ်ဆေး နှစ်ကြိမ်ပြည့်သွားရင် Mask ကို ဆက်ပြီး တပ်ဆင်ရမှာလား။ လက်ကိုမကြာခဏ ဆက်ဆေးနေရဦးမှာလား။ လူတစ်ဦးနဲ့ တစ်ဦးအကြား ၆ ပေအကွာဆက်နေရဦးမှာလား။ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရတယ်ဆိုတာ ဘယ်လိုပါလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

 

ကိုဗစ်ကာကွယ် ဆေးထိုးထားပြီးသူက တစ်ဆင့် အခြားသူတွေကို ကူးစက်နိုင်သေးသလား ဆိုတဲ့ မေးခွန်းအတွက် ကူးစက်နိုင်တယ်/ မကူးစက်နိုင်ဘူးဆိုတာ ယနေ့အထိ ရှင်းလင်းတိကျတဲ့ အဖြေ၊ ရှင်းလင်းတိကျတဲ့ သုတေသနတွေ့ရှိချက် မရှိသေးပါဘူး။ ဒါဟာ ကိုဗစ်ကာကွယ်ဆေးထိုး ထားပြီးပေမယ့် သူ့ဆီမှာ ပိုးသယ်ဆောင်ထားနိုင်ပြီး ကျန်တဲ့သူတွေကို ကူးနိုင်တယ်ဆိုတာ ကြိုတင်ထင်မြင်ယူဆချက်တွေသာ ဖြစ်ပါတယ်။ တိကျတဲ့အဖြေရရှိဖို့အတွက်တော့ အချိန်ယူစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့အားလုံး Mask ကို ဆက်တပ်ရမှာ ဖြစ်ပါတယ်။ လက်ကို မကြာခဏ ဆက်ဆေးကြရပါမယ်။ လူတစ်ဦးနဲ့တစ်ဦးလည်း ခပ်ခွာခွာဆက်နေကြရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွမ်းကျင်သူတွေကိုယ်တိုင် ကာကွယ်ဆေးဟာ ဘယ်လောက်အစွမ်းရှိတယ်၊ ဘယ်အချိန်၊ ဘယ်ကာလအထိ ကာကွယ်နိုင်တယ်ဆိုတာ လေ့လာဆဲဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဘယ်လောက်အထိကြာမယ်လို့ လောလောဆယ် မပြောနိုင်သေးပါဘူး။

 

ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ Mask ကို ဆက်တပ်ရမှာဖြစ်ပါတယ်။ လက်ကို မကြာခဏ ဆေးကြရမှာဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦးလည်း ခပ်ခွာခွာနေဖို့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးအစွမ်း ဘယ်လောက်ရှိတယ်၊ အချိန်ကာလဘယ်လောက်အထိ ကာကွယ်နိုင်တယ်ဆိုတာ သိလာပြီးတဲ့အချိန်၊ လူတွေတော်တော်များများ ကာကွယ်ဆေး ထိုးနှံပြီးပြီလဲ၊ ကူးစက်မှု  ဘယ်လောက်လျော့နည်းအောင် ဒီကာကွယ်ဆေးက လုပ်နိုင်ပြီလဲဆိုတာ သိရှိလာတဲ့တစ်နေ့မှာ ဒီအချက်တွေကို ဖြေလျှော့ဖို့ ဆုံးဖြတ်နိုင်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ ကာကွယ်ဆေးကိုလည်း ထိုးထား၊ လိုက်နာရမယ့် ကိစ္စတွေကိုလည်း ဆက်လိုက်နာ၊ နှစ်ခုစလုံးပေါင်းလုပ်ခြင်းသည်သာ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။

 

နောက်ထပ် လူအုပ်စုအလိုက် ကိုယ်ခံအားရခြင်းဆိုတာကို ကျွန်တော်ဆက်လက် ဆွေးနွေးလိုပါတယ်။ ကာကွယ်ဆေးကြောင့်ပဲရရ၊ ရောဂါဖြစ်ပြီးသွားလို့ပဲ ကိုယ်ခံအားရရ လူတွေကို ရောဂါပိုးက ဆက်လက်မပြန့်နိုင်တော့တဲ့ အခြေအနေကို လူအုပ်စုအလိုက်ကိုယ်ခံအားရခြင်း Herd Immunity လို့ခေါ်ပါတယ်။ ဒီလို လူအုပ်စုအလိုက် ကိုယ်ခံအားရခြင်းကို ရောက်သွားရင်တော့ ဒီရောဂါပိုးဟာ ဆက်လက်မကူးစက်၊ မပျံ့နှံ့နိုင်ပါဘူး။

 

လူအုပ်စုအလိုက် ကိုယ်ခံအားရခြင်း Herd Immunity ကိုရပြီးတဲ့ လူအုပ်စုအတွင်းမှာ ဒီလူ အုပ်စုအတွင်းမှာရှိတဲ့ ရောဂါမဖြစ်သေးတဲ့သူတွေဟာ ရောဂါမကူးနိုင်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေ ဘယ်တော့ရောက်မလဲဆိုတာကို ဘယ်ကျွမ်းကျင်ပညာရှင်ကမှ တိတိကျကျ မပြောနိုင်ပါဘူး။ လူတွေရဲ့ ဘယ်နှရာခိုင်နှုန်းလောက် ရောဂါဖြစ်ပြီးသွားတဲ့အချိန်ကျမှ လူအုပ်စု ကိုယ်ခံအားရခြင်း အခြေအနေကို ရောက်တယ်ဆိုတာကလည်း ရောဂါတစ်ခုနဲ့တစ်ခု မတူပြန်ပါဘူး။ ဒီအချက်အလက်တွေကြောင့် ကျွန်တော်တို့ လူသားအားလုံးက လက်ရှိကာလမှာ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအတွက် နေ့စဉ်ဘဝတွေကို ဖြတ်သန်းရင်း ကိုဗစ် - ၁၉ နဲ့အတူ ယှဉ်တွဲနေထိုင်ကြရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့အားလုံး ကာကွယ်ဆေးကိုစောင့်ရင်း၊ ကိုဗစ်ကာကွယ်ရေးအတွက် Mask ကို ဆက်တပ်ကြပါဦး၊ လက်ကိုလည်း မကြာခဏဆက်ဆေးကြပါဦး၊ လူတစ်ဦးနဲ့ တစ်ဦးလည်း ခပ်ခွာခွာဆက်နေကြပါဦး၊ ဒီလိုလိုက်နာရမယ့် အချက်တွေကို ကျွန်တော်တို့ ကိုယ်စီလိုက်နာဖို့ လိုသလို အခြားသူတွေ လိုက်နာနိုင်ဖို့အတွက် ဒီအသိတွေကို ဆက်လက်ဖြန့်ဝေပေးကြပါဦး၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မလိုက်နာသူတွေ တွေ့တဲ့အခါလည်း လိုက်နာကြဖို့ သတိဆက်ပြီးပေးကြပါဦးလို့ တိုက်တွန်းနိုးဆော်လိုပါတယ်။ မြန်မာပြည်တစ်ဝန်း၊ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပြည်သူလူထုအပေါင်း ကိုဗစ်ကပ်ဘေးအန္တရာယ်မှ ကျော်လွှားနိုင်ကြပါစေ။

 

ဒေါက်တာထွန်းမင်း။     ။ ဆက်လက်ပြီး ယာဉ်မောင်းချိန်တိုးမြှင့်ပေးရန် ရှိ / မရှိ နဲ့ ဆေးစစ်ချက် အဖြေရရန် ၁၀ နာရီကြာစောင့်ဆိုင်းရတာ၊ Lockdown နဲ့ဆိုတော့ ၂၂ နာရီ အလဟဿ ဖြစ်နေတယ်ဆိုပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။

 

ယာဉ်မောင်းတွေကို RDT (Rapid Diagnostic Test) နဲ့စစ်ဆေးပြီးချိန်ကစပြီး ၃ ရက်အထိ ပေးထားပါတယ်။ RDT နဲ့ စစ်ဆေးပြီး အဖြေရရှိဖို့အတွက် စစ်ဆေးချိန် ၂ နာရီကနေ ၃ နာရီလောက်အထိ စောင့်ရပါတယ်။ ဒါပေမယ့် ယာဉ်အသွားအလာများတဲ့ လမ်းကြောင်းနဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ များတဲ့စစ်ဆေးရေးဂိတ်တွေမှာ အလှည့်ကျတန်းစီစောင့်ရတဲ့အတွက် အချိန်အနည်းငယ် ကြာနိုင်ပါတယ်။

 

နောက်ထပ်မေးခွန်းက ရန်ကုန်ကနေ နယ်ကို နေ့ချင်းပြန်သွားလာခွင့် မည်သည့်ရက်မှာ သွားလာနိုင်မယ်ဆိုတာကို သိရှိလိုပါတယ်။ ကွာရန်တင်းဝင်ရန် လို/မလိုကိုလည်း သိရှိလိုပါတယ်လို့ မေးထားပါတယ်။ လက်ရှိအခြေအနေမှာ ရန်ကုန်ကနေ နယ်ကို နေ့ချင်းပြန်သွားလာခွင့်ကို ခွင့်မပြုပါဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို သွားရောက်ရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ကွာရန်တင်းဝင်ရမှာဖြစ်တဲ့အတွက် နေ့ချင်းပြန် သွားခွင့်မပြုသေးကြောင်း ဖြေကြားလိုပါတယ်။

 

နောက်မေးခွန်းက လက်ရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေရဲ့ စာရင်းကို မေးမြန်းထားပါတယ်။ လက်ရှိ Stay at Home သတ်မှတ်ထားတာက ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာဆိုရင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ရပ်ကွက် ၆ ခု၊ တွံတေးမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၈ ခု၊ ကွမ်းခြံကုန်းမြို့နယ်မှာဆိုရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁ ခုနဲ့ ကျန်တဲ့မြို့နယ်အားလုံးကို Stay at Home အဖြစ် သတ်မှတ်ထားပါတယ်။

 

မန္တလေးတိုင်းဒေသကြီးမှာ ၇ မြို့နယ်ကို သတ်မှတ်ထားပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးမြို့၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်မြို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်လုံးကို သတ်မှတ်ထားပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၈ ခုကို Stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားကြောင်း ဖြေကြားလိုပါတယ်။

နောက်တစ်ခုက ခရီးသွားချင်လို့ မြစ်ကြီးနားကို သွားလို့ရပါသလား။ ကိုဗစ်စစ်ရင် ဘယ်မှာစစ်ရမှာလဲလို့ မေးထားတာဖြစ်ပါတယ်။ မြစ်ကြီးနားကို လေကြောင်းခရီးနဲ့ သွားလိုပါက လေယာဉ်မစီးမီ ၃၆ နာရီကြိုတင် RDT နဲ့စစ်ဆေးပြီး အဖြေ Negative ရမယ်ဆိုရင် သွားရောက်နိုင်ပါတယ်။ ရန်ကုန်မြို့က သွားရောက်မယ့်သူတွေအတွက် အောင်မင်္ဂလာအဝေးပြေးယာဉ်ဝင်းမှာရှိတဲ့ ဒေသန္တရ ကျန်းမာရေးဌာနနဲ့ ဆူးလေဘုရားအနီးမှာရှိတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရုံးတွေမှာ စစ်ဆေးပေးနေပါတယ်။ မန္တလေးမြို့မှာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးတွေမှာ စစ်ဆေးပေးလျက်ရှိကြောင်း ဖြေကြားပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပြောတဲ့ လက်ရှိ ရပ်ကွက်ကျေးရွာအလိုက် Stay at Home ဆိုတာ ဘာလိုဆိုလိုတာလဲ၊ ဘယ်လိုလုပ်မှာလဲ၊ အခုရော လုပ်နေပြီလားဆိုပြီး မေးမြန်းထားပါတယ်။ ရပ်ကွက်ကျေးရွာအလိုက် Stay at Home ဆိုတာ တချို့မြို့နယ်တွေမှာ ရောဂါကူးစက် ဖြစ်ပွားမှုက တစ်မြို့နယ်လုံးဖြစ်ပွားတာ မဟုတ်ဘဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအချို့မှာသာ ကူးစက်မှုဖြစ်ပွားတာဖြစ်ပါတယ်။

 

ဒီကူးစက်မှုဖြစ်နေတဲ့ ရပ်ကွက်ကျေးရွာကိုသာ Stay at Home အဖြစ်သတ်မှတ်ပြီး ကျန်တဲ့ ကူးစက်မှုမရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ပုံမှန်အတိုင်း နေထိုင်သွားလာလုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်ပါတယ်။ ကူးစက်မှုမရှိတဲ့ အခြားရပ်ကွက်မှ လူတွေက သူတို့ရဲ့နေ့စဉ်လူနေမှုဘဝနဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်မှုလျော့နည်းစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါကို အချို့သော မြို့နယ်တွေမှာ ကျင့်သုံးလျက်ရှိပါတယ်။

 

နောက်မေးခွန်းတစ်ခုက Positive လူနာကို အိမ်မှာထားပြီး ကုသမယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုပြီး မေးထားပါတယ်။ လက်ရှိအခြေအနေမှာ Positive ထွက်တဲ့လူနာမှန်သမျှကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေနဲ့ အသစ်တိုးချဲ့ဖွင့်လှစ်ထားတဲ့ ကိုဗစ် - ၁၉ ကုသရေးစင်တာတွေမှာ လက်ခံပြီး ကုသပေးလျက်ရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ အိမ်မှာထားရှိပြီး ကုသခြင်းမျိုးကို ဆောင်ရွက်ခြင်း မရှိပါဘူး။

 

အစားအသောက်ကုန်ပစ္စည်းကနေ ကူးစက်နိုင်သလားဆိုပြီး မေးထားပါတယ်။ လက်ရှိ သုတေသနပြုချက်တွေအရ စားသောက်ကုန်ပစ္စည်းကနေ တိုက်ရိုက်ကူးစက်မှုကို ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရှိရသေးပါဘူး။ ဒါပေမယ့် အစားအသောက်ကို ထုပ်ပိုးထားတဲ့ပစ္စည်းတွေမှာ ရောဂါပိုးရှိသူက ကိုင်တွယ်ထိတွေ့မှုရှိရင် ထုပ်ပိုးပစ္စည်းကနေ ကူးစက်နိုင်ချေရှိတယ်လို့ ဖြေကြားလိုပါတယ်။

 

နောက်မေးခွန်းက ပိုက်ဆံကိုင်ပြီးရင် လက်ဆေးရင်ကောင်းသလား၊ အရက်ပျံနဲ့ဆေးရင် ကောင်းသလားဆိုပြီး မေးထားပါတယ်။ ရောဂါပိုးရှိသူက ပိုက်ဆံကို ကိုင်တွယ်ပြီးတော့ ရောဂါပိုးပါလာနိုင်တဲ့အတွက် ပိုက်ဆံကိုကိုင်တွယ်ပြီးတဲ့အခါ လက်ကို ဆပ်ပြာ၊ ရေနဲ့သော်လည်းကောင်း၊ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောနိုင်ကြောင်း ဖြေကြားလိုပါတယ်။

 

နောက်တစ်ခုက ကိုဗစ်ရောဂါကို နှာခေါင်းထဲထည့်ပြီး စစ်တဲ့ကိရိယာနဲ့ စစ်တာ တိကျပါ သလားဆိုပြီး မေးထားပါတယ်။ ကိုဗစ် - ၁၉ အတွက်ကို နှာခေါင်းနဲ့ အာခေါင်တို့က တို့ဖတ်နမူနာ ရယူပြီး စစ်ဆေးတဲ့အခါ RT PCR လို့ခေါ်တဲ့ စနစ်နဲ့စစ်ဆေးမယ်ဆိုရင် ပိုပြီးတိကျမှန်ကန်တဲ့အဖြေကို ရရှိနိုင်ပါတယ်။ အချို့နေရာတွေမှာ Rapid Diagnostic Test Kit ကို အသုံးပြုပြီး စစ်ဆေးမယ်ဆိုရင် လတ်တလော ရောဂါကူးစက်မှုရှိနေတဲ့သူတွေမှာဆိုရင် ပိုပြီးစစ်ဆေးတွေ့ရှိနိုင်ကြောင်း ဖြေကြားလိုပါတယ်။

 

နောက်မေးခွန်းတစ်ခုက ခရီးသွားမော်တော်ယာဉ်လိုင်းများ ဘယ်တော့ဖွင့်မလဲ သိချင်ပါတယ်၊ New Normal  နဲ့ခရီးသွားရရင် ဘယ်လိုလုပ်ရမှာပါလဲဆိုပြီး မေးမြန်းထားပါတယ်။ အခုအခါမှာ ပြည်တွင်းလေကြောင်းလိုင်းတွေကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး သတ်မှတ်ထားတဲ့၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြေးဆွဲပေးနေပြီး ခရီးသည်တွေလည်း ခရီးသွားလာနေပြီဖြစ်ပါတယ်။ ရောဂါကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီး ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး ဗဟိုကော်မတီရဲ့ လမ်းညွှန်ဆုံးဖြတ်ချက်တွေနဲ့အညီ ခရီးသွားယာဉ်လိုင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

New Normal နဲ့ခရီးသွားတဲ့အခါမှာ အမြဲတမ်း Mask တပ်မယ်၊ ခရီးသည်တစ်ဦးနဲ့ တစ်ဦးလည်း သတ်မှတ်ထားတဲ့အကွာအဝေး ထိုင်မယ်။ ကားပေါ်မှာလည်း လက်သန့်ဆေးရည်တွေနဲ့ ဆေးမယ်။ ရောက်တဲ့နေရာတွေမှာလည်း လက်ဆေးမယ်။ ကားရပ်နားတဲ့ စားသောက်ဆိုင်တွေမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ စားသောက်ပြီး ခရီးသွားလာရမှာဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်။

 

ထက်လျှံ