လဲ့ယဲ့ထော(ရာမညမြေ)
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးဝန်ဆောင်မှုလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် လူတစ်ဦးချင်း စိတ်ပျော်ရွှင်လန်းဆန်းစေပြီး ဒေသန္တရဗဟုသုတရရှိစေသည့် လုပ်ငန်းသဘောသာမကဘဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာနားလည်မှုရရှိစေမှု၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူ့အခွင့်အရေးကို လေးစားစေမှု၊ လူမျိုးရေးခွဲခြားမှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိစေမှု၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိမှုတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)ကို စတင်ဖွဲ့စည်းခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်း ၅၀၀ ကျော်ပါဝင်ပြီး ၂၀၂၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆက်စပ်ရရှိနိုင်သည့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးများ စသည်တို့ကို ပြည်သူများပိုမိုသိရှိနားလည်နိုင်စေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံးရှိ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် ပြုလုပ်လျက်ရှိသည်။ ယခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို “(Digital Agenda and Artificial Intelligence to Redesign Tourism)” “ခရီးသွား ကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းဆိုသည်မှာ လူတစ်ဦးသည် နေထိုင်ရာအရပ်ဒေသမှ အခြားအရပ်ဒေသသို့ အလည်အပတ်ဖြစ်စေ၊ အခြားရည်ရွယ်ချက်ဖြင့်ဖြစ်စေ တစ်ရက်ထက်မနည်း၊ တစ်နှစ်ထက်မကျော်သော အချိန်ကာလအတွင်း သွားလာခြင်းကိုခေါ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ထိုသို့ သွားရောက်ရာတွင် ခရီးသွားဧည့်သည်တို့က သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး စသည့်ဝန်ဆောင်မှုများကို အသုံးပြုမှသာ ခရီးသွားခြင်းဟုလည်း သုတေသီတို့က ဆိုကြသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများဖြင့် စီးဝင်စေခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် မီးခိုးမထွက်သည့် စက်ရုံ (Smokeless Industry) ဖြစ်သည် ဟုလည်း ဆိုသည်။
ထို့ကြောင့် နိုင်ငံအသီးသီးရှိ အစိုးရများ၊ လုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်းဖြင့် စီးပွားရှာဖွေရန် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်လျက်ရှိကြသည်။ ၎င်းတို့နိုင်ငံများအလိုက် ရှိနေကြသည့် ခရီးသွားဆွဲဆောင်မှုများကို ကမ္ဘာအရပ်ရပ်ရှိ ခရီးသွားဧည့်သည်များ သိရှိနိုင်ကြစေရန် မီဒီယာနည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာမြှင့်တင်ဆောင်ရွက်ကြသည်။ ခရီးသွားလုပ်ငန်းအမျိုးမျိုးတို့အတွက် အရင်းအမြစ်များ ကြွယ်ဝစွာပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ကာ ခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ်စွာ မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အတွက် ဝင်ငွေရရှိရေး ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများတွင် ခရီးသွားလုပ်ငန်းသည်လည်း တစ်ခုပါဝင်သည်။ နိုင်ငံတိုင်းက မိမိနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆောင်ရွက်ကြသည်။ တချို့သောနိုင်ငံများမှာ သဘာဝရေမြေတောတောင်အလှအပများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ များပြားစွာရှိသည်မဟုတ်သော်လည်း ခရီးသွားလုပ်ငန်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်မှုကြောင့် ခရီးသွားအဝင်အထွက် များပြားလျက်ရှိသည်။
ထိုသို့ဆွဲဆောင်မှုများတွင် ရိုးရာအစားအစာများ ကောင်းမွန်စွာဖန်တီးချက်ပြုတ်နိုင်ခြင်းလည်း ပါဝင်သည်။ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ-၂၀၂၆ ကို ဇူလိုင်လ ၂၅ ရက်က ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ နှစ်ရက်ကြာကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခြင်း၊ ဒေသအသီးသီးမှ ရိုးရာအစားအစာများကို ပြသခြင်း၊ ရောင်းချခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်စေရန် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်အဖွဲ့ခုနစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြကာ ပြခန်းပေါင်း ၁၂၀ ကျော်ပြသရောင်းချခဲ့သည်။ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အလျင်အမြန်တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများသည်လည်း မိမိတို့နိုင်ငံများ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာအစားအစာများကို ထိရောက်စွာ ဖော်ထုတ်မြှင့်တင်ဆောင်ရွက်နေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံနှင့် ယှဉ်တွဲပြီး သိစေနိုင်သည့် အစားအစာများကို ဖော်ထုတ်ရမည်ဖြစ်သည်။ မြန်မာ့အစားအစာများဖြစ်သည့် မြန်မာ့လက်ဖက်၊ ထမနဲစသည်များကို ကမ္ဘာကသိရှိပြီး UNESCO က အသိအမှတ်ပြုခံရသည့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် နည်းပညာအရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေပြီး အဆိုပါပြောင်းလဲမှုများသည် လူသားတို့၏ နေ့စဉ်လူမှုဘဝ ပုံစံများသာမက စီးပွားရေးကဏ္ဍအသီးသီးကိုပါ လွှမ်းမိုးလျက်ရှိသည်။ ထိုကဏ္ဍများအနက် ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သော ခရီးသွားလုပ်ငန်း (Tourism Sector) သည်လည်း နည်းပညာနှင့်ကင်းကွာ၍မရသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဒီဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) တို့သည် ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆန်းသစ်တီထွင်ပေးနိုင်သည့် အစွမ်းထက်သော အချက်များဖြစ်သည်။
ယခင်က ခရီးသွားတစ်ဦးသည် ခရီးစဉ်တစ်ခုအတွက် သတင်းအချက်အလက်ရှာဖွေရန်၊ လေယာဉ်လက်မှတ်နှင့် ဟိုတယ်များ ကြိုတင်ဘွတ်ကင်လုပ်ရန်အချိန်နှင့် လုပ်ငန်းစဉ်များစွာ လိုအပ်ခဲ့သော်လည်း ယနေ့ခေတ်တွင်မူ စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် ကလစ်အနည်းငယ်နှိပ်ကာ အားလုံးကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းရှင်များအတွက်လည်း ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းခြင်းဖြင့် ဒေတာအချက်အလက်များကို စနစ်တကျသိမ်းဆည်းစီမံနိုင်ပြီး လူသားအရင်းအမြစ် လေလွင့်မှုကိုလျှော့ချကာ လုပ်ငန်းလည်ပတ်မှုစရိတ်(Operational Cost)ကို သက်သာစေသည်။ ထို့အပြင် ဒီဂျစ်တယ်ငွေပေးချေမှုစနစ် (Digital Payment) များ စုံလင်လာခြင်းက နိုင်ငံတကာခရီးသွားများအတွက် ငွေကြေးသယ်ဆောင်ရမည့်အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး သုံးစွဲရလွယ်ကူကာ စိတ်အေးရစေသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမောင်းနှင်အားများအနက် ခရီးသွားလုပ်ငန်း (Tourism Industry) သည် နိုင်ငံအသီးသီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုတို့တွင် အဓိကကျသောကဏ္ဍတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ နည်းပညာတိုးတက်ပြောင်းလဲလာမှုနှင့်အတူ လူသားတို့၏ ခရီးသွားလာမှု စရိုက်လက္ခဏာများသည်လည်း သိသာစွာပြောင်းလဲလာခဲ့သည်။
ယနေ့ ၂၀၂၆ ခုနှစ်တွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်လာသော စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေး (Industry 4.0)၏ အသီးအပွင့်များဖြစ်သည့် ဒီဂျစ်တယ်စနစ်နှင့် ဉာဏ်ရည်တု (Artificial Inte- lligence - AI)နည်းပညာများသည် ကမ္ဘာ့စီးပွားရေးအဆောက်အအုံများ ပုံဖော်လျက်ရှိသည်။ စတုတ္ထမျိုးဆက် စက်မှုခေတ်တွင် တိုးတက်ပြောင်းလဲမှုများမှာ လွန်စွာမြန်ဆန်သည့်အလျောက် သမားရိုးကျသင်ကြားမှုပုံစံအတိုင်း ပညာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျောင်းတက်၊ ဘွဲ့ယူ စသည့်ပညာရေးစနစ်မျိုးဖြင့် လိုက်၍မီနိုင်မည်မဟုတ်ဘဲ ကဏ္ဍအလိုက် ပေါ်လာနေသည့် နည်းပညာသစ်များကို စဉ်ဆက်မပြတ် လေ့လာနေရန်လိုအပ်ကြောင်း ပညာရှင်များက တိုက်တွန်းထားသည်။
ယင်းသို့ သင်ယူလေ့လာနိုင်ရန် အင်တာနက်ကို အဓိက မှီခိုအားထားရမည်ဖြစ်သကဲ့သို့ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝများဆီသို့ စဉ်ဆက်မပြတ် ဆိုသလို တစ်ခုပြီးတစ်ခု ရောက်ရှိလာနေသည့် နည်းပညာသစ်များကို မဖြစ်မနေအသုံးပြုရန်လည်း လိုအပ်လျက်ရှိရာ Digital Literacy ခေါ် မသိမဖြစ် သိအပ်ဖွယ်ရာ ဒီဂျစ်တယ်နည်းပညာကို လူတိုင်းသိရန်၊ တတ်ရန်လိုအပ်လာသည်။ သမိုင်းတစ်လျှောက် ခရီးသွားလာရေးကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ယခင်က ခရီးသွားလုပ်ငန်းသည် လူကိုယ်တိုင်ချိတ်ဆက်ဆောင်ရွက်ရမှု၊ စက္ကူစာရွက်စာတမ်းများနှင့် မြေပုံစာအုပ်များအပေါ်တွင်သာ မှီခိုခဲ့ရသည်။ ခရီးစဉ်တစ်ခုသွားရောက်ရန်အတွက် သတင်းအချက်အလက်စုံစမ်းခြင်း၊ လေယာဉ်နှင့် ရထားလက်မှတ်ဝယ်ယူခြင်း၊ တည်းခိုမည့် ဟိုတယ်ရှာဖွေခြင်းတို့ကို အေဂျင်စီများမှတစ်ဆင့် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အဆင့်ဆင့် ကြိုးပမ်းခဲ့ကြရသည်။
ဉာဏ်ရည်တု (AI) သည် ခရီးသွားလုပ်ငန်းတွင် စက်ရုပ်ပုံစံမျှသာမဟုတ်ဘဲ လုပ်ငန်းလည်ပတ်မှု စနစ်တစ်ခုလုံး၏ ဉာဏ်ဦးနှောက်သဖွယ် ဆောင်ရွက်လာသည်။ AI နည်းပညာသည် ခရီး သွားတစ်ဦးချင်းစီ၏ လူမှုကွန်ရက်အသုံးပြုမှု၊ ယခင်က သွားရောက်ခဲ့သည့်ခရီးစဉ်များ၊ ရှာဖွေမှု မှတ်တမ်းများနှင့် နှစ်သက်မှုဒေတာ (Data) များကို စက္ကန့်ပိုင်းအတွင်း ခွဲခြမ်းစိတ်ဖြာနိုင်သည်။
ထို့နောက် အဆိုပါပုဂ္ဂိုလ်၏ စိတ်ဝင်စားမှုနှင့် အကိုက်ညီဆုံးဖြစ်မည့် တည်းခိုခန်း၊ စားသောက်ဆိုင်၊ သွားရောက်လည်ပတ်သင့်သည့်နေရာများကို တိကျစွာ အကြံပြုပေးနိုင်သည်။ ၎င်းကို အေအိုင်သုံးခရီးသွားလက်ထောက် (AI Travel Assistants) ဟု ခေါ်ဆိုကြသည်။ နိုင်ငံတကာမှ ခရီးသွားများသည် မတူညီသောအချိန်ဇုန် (Time Zones) များမှ ဆက်သွယ်လာကြရာ လူသားဝန်ထမ်းများအနေဖြင့် အချိန်ပြည့်တုံ့ပြန်ရန် ခဲယဉ်းသည်။ AI Chatbot များသည် ဘာသာစကားမျိုးစုံဖြင့် ခရီးသွားများ၏ မေးခွန်းများကို ချက်ချင်းလက်ငင်း စိတ်ရှည်စွာဖြေကြားပေးနိုင်သဖြင့် လုပ်ငန်းများ၏ ပုံရိပ်နှင့် ယုံကြည်စိတ်ချရမှုကို မြှင့်တင်ပေးသည်။ လေကြောင်းလိုင်းများနှင့် ဟိုတယ်များသည် ရာသီဥတု၊ ပွဲတော်ရက်များ၊ ပြိုင်ဘက်များ၏ စျေးနှုန်းနှင့် ဝယ်လိုအား(Demand) အပေါ်မူတည်၍ စျေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲသတ်မှတ်ရန် AI algorithms များကို အသုံးပြုကြသည်။ ဤစနစ်သည် လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်အများဆုံးရရှိစေသလို ခရီးသွားများအတွက်လည်း မိမိတို့ဘတ်ဂျက်နှင့် ကိုက်ညီမည့်အချိန်ကို ရွေးချယ်ဝယ်ယူနိုင်ခွင့်ရစေသည်။
ဒီဂျစ်တယ်နည်းပညာကို အသုံးချခြင်းသည် ခရီးသွားဧည့်သည်များအတွက်သာမက နိုင်ငံတော် အဆင့် စီမံခန့်ခွဲသူများနှင့် လုပ်ငန်းရှင်များအတွက်လည်း များစွာအကျိုးရှိသည်။ ယခင်က ခရီးသွား စာရင်းဇယားများကိုကောက်ယူရန် လအတော်ကြာ အချိန်ယူခဲ့ရသော်လည်း ယခုအခါ Big Data အကူအညီဖြင့် မည်သည့်နိုင်ငံမှ ခရီးသွားများ မည်သည့်နေရာသို့ အများဆုံးသွားရောက်သည်၊ မည်မျှသုံးစွဲသည်၊ မည်သည့်အရာကို သဘောကျသည် စသည်တို့ကို Real-time (အချိန်နှင့်တစ် ပြေးညီ) သိရှိနိုင်သည်။ AI စနစ်သုံး Chatbots များနှင့် အသံဖော်ဆောင်ချက်စနစ်များကြောင့် ခရီးသွားများသည် မတူညီသော အချိန်ဇုန်များမှနေ၍ လေယာဉ်လက်မှတ်၊ ဟိုတယ်နှင့် ခရီးစဉ်အချက်အလက်များကို ညဉ့်နက်သန်းခေါင်ဖြစ်စေ ချက်ချင်းမေးမြန်းစုံစမ်းနိုင်သည်။
AI သည် ခရီးသွားတစ်ဦးချင်းစီ၏ စိတ်ဝင်စားမှု၊ ဘတ်ဂျက်နှင့် ရှာဖွေမှုမှတ်တမ်း (Data) များကို တွက်ချက်ပြီး ၎င်းတို့နှင့် အကိုက်ညီဆုံးဖြစ်မည့် ခရီးစဉ်လမ်းကြောင်းများကို စက္ကန့်ပိုင်းအတွင်း အကြံပြုပေးနိုင်သည်။ ဒီဂျစ်တယ်ပိုက်ဆံအိတ် (E-wallets) နှင့် QR စနစ်များကြောင့် နိုင်ငံတကာခရီးသွားများအနေဖြင့် ငွေသားအမြောက်အမြား သယ်ဆောင်ရန်မလိုဘဲ ဘေးကင်းစိတ်ချစွာ သုံးစွဲနိုင်သည်။ ဆိုရှယ်မီဒီယာနှင့် ဒီဂျစ်တယ်ဒေတာများကိုသုံးပြီး မိမိတို့ဝန်ဆောင်မှုကို တကယ်စိတ်ဝင်စားမည့် အလားအလာရှိသော ခရီးသည်အုပ်စုထံသို့ တိုက်ရိုက်ကြော်ငြာရောက်ရှိစေနိုင်သည်။
Big Data နှင့် AI နည်းပညာများဖြင့် ခရီးသွားဧည့်သည်များ မည်သည့်နေရာတွင် အလွန်အကျွံစုပြုံနေသည်ကို Real-time သိရှိနိုင်ပြီး အခြားလည်ပတ်စရာနေရာသစ်များသို့ လမ်းကြောင်းလွှဲပေးခြင်းဖြင့် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်သည်။ ခရီးသွားများ၏ လာရောက်မှုနှုန်း၊ သုံးစွဲမှုပမာဏနှင့် နှစ်သက်မှုများကို ဒီဂျစ်တယ်စနစ်ဖြင့် တိကျစွာစာရင်း ကောက်ယူနိုင်သဖြင့် နိုင်ငံတော်အတွက် ပိုမိုကောင်းမွန်သော ခရီးသွားမူဝါဒများနှင့် ဗျူဟာများ ချမှတ်နိုင်သည်။ နည်းပညာကို အသုံးပြုခြင်းဖြင့် ခရီးသွားလုပ်ငန်းသည် “ပိုမိုမြန်ဆန်ခြင်း၊ ပိုမို ဘေးကင်းခြင်းနှင့် တစ်ဦးချင်းစီအတွက် ပိုမိုအဆင်ပြေခြင်း” ဆိုသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။
မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်နှင့် AI နည်းပညာများ တိုးတက်လာနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပြည့်အဝအောင်မြင်ရန်အတွက် ကြီးမားသောစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရဦးမည်ဖြစ်သည်။ အဓိကအားဖြင့် အချို့သော ဝေးလံခေါင်သီသည့် ခရီးသွားဒေသများတွင် အင်တာနက်လိုင်းကောင်းမွန်စွာ မရရှိခြင်းနှင့် လျှပ်စစ်မီးလိုအပ်ချက်တို့သည် ဒီဂျစ်တယ်ဝန်ဆောင်မှုများနှင့် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များ စဉ်ဆက်မပြတ် လည်ပတ်ရန်အတွက် အဓိကအဟန့်အတားဖြစ်နေသည်။ ထို့အပြင် အဆင့်မြင့်ဟိုတယ်ကြီးများနှင့် ခရီးသွားလုပ်ငန်းကြီးများက နည်းပညာကို ထိရောက်စွာ ရင်းနှီးမြှုပ်နှံနိုင်သော်လည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသော ဒေသခံဧည့်လမ်းညွှန်များ၊ အသေးစားတည်းခိုခန်းများနှင့် စက်လှေ၊ မော်တော်ယာဉ်မောင်းများသည် နည်းပညာအသုံးပြုမှုအပိုင်းတွင် လေ့ကျင့်မှုနှင့် အရင်းအနှီးများ လိုအပ်နေသေးသည်။ ထို့ကြောင့် ဒီဂျစ်တယ်ကွာဟချက် (Digital Divide)ကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက နည်းပညာမျှဝေခြင်းနှင့် ဒေသအခြေပြုသင်တန်းများပေးရန် လိုအပ်လျက်ရှိသည်။
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်သွားလာနိုင်ရေးအတွက် နိုင်ငံတိုင်းက ဆွဲဆောင်စည်းရုံးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝရေမြေတောတောင်များနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်လှသည့်အတွက် ခရီးသွားဧည့်သည်များ စိတ်ဝင်စားကြသည်။ ခရီးသွားလုပ်ငန်းတွင်ကျယ်လာပါက ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါများလာမည်ဖြစ်သည်။ ပြည်ပက ဧည့်သည်များ ပိုမိုဝင်ရောက်လာပါက ဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများလည်း စီးဝင်လာမည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများအချင်းချင်း ယဉ်ကျေးမှု၊ အပြန်အလှန်နားလည်မှုနှင့် မိမိနိုင်ငံ၏ ကောင်းသတင်းများကို ဖြန့်ဝေနိုင်မှု စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်သည်။ ကမ္ဘာ့ခရီးသွားလာခြင်းနှင့် အလည်အပတ်လုပ်ငန်းကဏ္ဍ၏ တိုးတက်မှုက ကမ္ဘာ့နိုင်ငံများအကြား ငွေကြေးဖောင်းပွမှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများရှိနေသည့်တိုင် ခံနိုင်ရည်ရှိကြောင်း သက်သေပြလျက်ရှိသည်။ ကမ္ဘာ့ဂျီဒီပီတွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခြင်းနှင့် အလည်အပတ်လုပ်ငန်းကဏ္ဍသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ဒေါ်လာ ၁၁ ဒသမ ၆ထရီလီယံထိ စံချိန်တင်ပါဝင်ခဲ့သည်။ ကမ္ဘာ့ စီးပွားရေး စုစုပေါင်း၏ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာတစ်ဝန်း အလုပ်အကိုင်နေရာပေါင်း ၃၆၆ သန်းထိ ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်တို့၏ သုံးစွဲမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ က အဆင့်ထက်ကျော်လွန်၍ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည်။ မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော် စုစည်းနေထိုင်ကြသည်။ အရှေ့တောင်အာရှတွင် မဟာဗျူဟာမြောက်ဒေသ၌တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေဒေသများ၊ မြင့်မားသည့် တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းမွန်သည့် လွင်ပြင်များကြွယ်ဝသည့်နိုင်ငံ ဖြစ်သည်။
ထို့ပြင် ထူးခြားသည့် သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လူမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်နိုင်သော ထင်ရှားသည့်အရာများဖြစ်သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့သည် တာဝန်သိခရီးသွားလုပ်ငန်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းနှင့် အဆင်ပြေချောမွေ့မှုရှိသောခရီးသွားလုပ်ငန်း ဖြစ်ပေါ်တိုးတက်စေရေးအတွက် အဓိကအားဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဦးဆောင်ဦးရွက်ပြုရသည့် အဓိပတိအဖွဲ့ဖြစ်သည့်အားလျော်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘက်စုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများ၊ ခေတ်ပေါ်နည်းပညာနှင့် ဗဟုသုတများကို ဦးဆောင်ဦးရွက်ပြု ပံ့ပိုးပေးလျက်ရှိပါသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းကျင့်ဝတ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လူမှုစီးပွားအကျိုးဖြစ်ထွန်းရေးအပြင် ဖြစ်နိုင်ခြေရှိသည့် ဆိုးကျိုးသက်ရောက်မှုများ လျှော့ချခြင်း၊ ဆင်းရဲမွဲ တေမှုလျှော့ချခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ခရီးသွားလုပ်ငန်းဖြင့် အကျိုးပြုရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀ဝ ကျော်တွင်လည်း ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအထောက်အကူပြု စီမံကိန်းများနှင့် ပညာရေးအစီအစဉ်များ၊ သင်တန်းများပို့ချခြင်းဖြင့် ခရီးသွားလုပ်ငန်းယှဉ်ပြိုင်နိုင်မှုအခြေအနေ၊ ဈေးကွက်ဆိုင်ရာ အသိပညာများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းမူဝါဒများကို ပိုမိုကောင်းမွန်စေပြီး အကျိုးသက်ရောက်မှုကောင်းသည့် ခရီးသွားဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်တည်လျက်ရှိသည်။
ခရီးသွားလုပ်ငန်းများကို အမျိုးအစားအားဖြင့် ခွဲခြားကြည့်ပါက အပန်းဖြေခရီးစဉ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ လေ့လာခြင်းခရီးစဉ်၊ သဘာဝအခြေခံခရီးစဉ်၊ အဏ္ဏဝါခရီးစဉ်၊ ခြေလျင်တောင်တက်နှင့် စွန့်စားမှုခရီးစဉ်၊ တောလမ်းကားမောင်းပြိုင်ပွဲနှင့် ကားအပျော်စီးခရီးစဉ်၊ စက်ဘီးစီး ခရီးစဉ်၊ မီးပုံးပျံခရီးစဉ်၊ ဘာသာရေးဆိုင်ရာခရီးစဉ်၊ အပျော်စီးသင်္ဘောခရီးစဉ်၊ စင်းလုံးငှားလေယာဉ် ခရီးစဉ်၊ အားကစားအခြေပြုခရီးသွားလုပ်ငန်း၊ ကျန်းမာရေးအခြေပြုခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွားအခြေပြုလုပ်ငန်းများဟူ၍ရှိရာ မိမိတို့နိုင်ငံသည် ဖော်ပြပါခရီးသွားလုပ်ငန်း အမျိုးအစားအားလုံး ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ ပြည့်စုံသော နိုင်ငံဖြစ်သည်ကို တွေ့ရှိနိုင်သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရသော် မြန်မာ့ခရီးသွားကဏ္ဍတွင် ဒီဂျစ်တယ်နှင့် AI နည်းပညာ အကောင်အထည်ဖော်မှုသည် အရှိန်အဟုန်ကောင်းဖြင့် ရှေ့သို့လှမ်းနေပြီး အထူးသဖြင့် ငွေပေးချေမှုနှင့် အွန်လိုင်းဘွတ်ကင်စနစ်များတွင် ထူးခြားစွာအောင်မြင်နေသည်ကို တွေ့ရသည်။ ခရီးသွားလုပ်ငန်း၏ အနာဂတ်သည် အသိဉာဏ်မြင့်မားခြင်း၊ ချိတ်ဆက်နိုင်ခြင်းနှင့် ရေရှည်တည်တံ့ခြင်း (Smart, Con- nected, and Sustainable) တို့အပေါ်တွင် တည်မှီနေသည်။ ဒီဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု (AI) တို့သည် ရွေးချယ်စရာလမ်းစတစ်ခုမဟုတ်တော့ဘဲ ခရီးသွားလုပ်ငန်း ရေရှည်ရှင်သန်တိုးတက်ရေးအတွက် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ မိမိတို့နိုင်ငံတွင်လည်း ခရီးသွားကဏ္ဍအဆင့်အတန်းမြင့်မားလာစေရန်၊ ဝန်ဆောင်မှုများ ဆန်းသစ်လာစေရန်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များဖော်ဆောင်နိုင်ရန်အတွက် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ နည်းပညာကျွမ်းကျင်သူများ မွေးထုတ်ခြင်းတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်သည်။ သို့မှသာ ခရီးသွားဧည့်သည်များအတွက် ဘေးကင်း၊ လွယ်ကူပြီး မမေ့နိုင်စရာကောင်းသော ခရီးစဉ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ခေတ်သစ်ကမ္ဘာကြီး၏ အလှအပများကို နည်းပညာစွမ်းပကားဖြင့် ဆန်းသစ်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့ဟု တိုက်တွန်းရေးသားအပ်ပါ သည်။ ။


