ကမ္ဘာတစ်ဝန်းလုံးရှိ ခရီးသွားနှင့်ဟိုတယ်လုပ်ငန်းကဏ္ဍတွင် လူဦးရေ သန်းပေါင်း ၃၆၆ သန်းခန့်၊ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့လုပ်သားထု၏ ၁၁ ရာခိုင်နှုန်းခန့် ဝင်ရောက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုနေကြသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ၏ အချက်အလက်များအရ သိရှိရသည်။ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းဟုဆိုရာတွင် တည်းခိုနေထိုင်ရေး (ဟိုတယ်၊ တည်းခိုခန်း)၊ စားသောက်ဆိုင်နှင့် အစားအစာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွားအေဂျင်စီများနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့် အပန်းဖြေစခန်းလုပ်ငန်းများ စသည်ဖြင့် ပါဝင်ကြသည်။
ခရီးသွားလုပ်ငန်း (Travel & Tourism) ၏ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုနှင့် စီးပွားရေး ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ထရီလီယံခန့်ရှိနေရာ တစ်ကမ္ဘာလုံးစီးပွားရေး ထုတ်လုပ်မှုတန်ဖိုး (Global GDP) ၏ ၉ ဒသမ ၈ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ဝန်ဆောင်မှုကဏ္ဍအလိုက် ဈေးကွက် ပမာဏကို ကြည့်လျှင် ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားဝန်ဆောင်မှု သက်သက်အားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ထရီလီယံဝန်းကျင်နှင့် ဟိုတယ်နှင့် တည်းခိုနေထိုင်ရေးဝန်ဆောင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၂ ဘီလီယံ ကျော်ရှိမည်ဟု ခန့်မှန်းထားကြသည်။
တစ်ကမ္ဘာလုံးတွင် နိုင်ငံတကာခရီးသွားများသုံးစွဲမှု (International spend) တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံဝန်းကျင်ရှိပြီး ပြည်တွင်းခရီးသွားများ သုံးစွဲမှု (Domestic spend) အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ ထရီလီယံကျော်ရှိသည်။ ကုမ္ပဏီများနှင့်လုပ်ငန်း ဆိုင်ရာအစည်းအဝေး၊ ကွန်ဖရင့်များ စသည့်စီးပွားရေးခရီးစဉ်များ (Business Travels) အတွက် ခရီးသွားဝန်ဆောင်မှုအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် မောင်းနှင်အားထဲတွင် ပါဝင်သည်။ ထူးခြားလှပသည့် သဘာဝရေမြေတောတောင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကဲ့သို့ ခရီးသွားလုပ်ငန်း အရင်းအမြစ်များ ကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခရီးသွားလုပ်ငန်းသည် ရေနံ သို့မဟုတ် စက်မှုကုန်ထုတ် လုပ်ငန်းများကဲ့သို့ပင် အရေးပါသည့် ဝင်ငွေအရင်းအမြစ်ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ တိုက်ရိုက်ရရှိခြင်း၊ ကျယ်ပြန့်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုး ခြင်းနှင့် ခရီးသွားလုပ်ငန်းတိုးတက်ခြင်းနှင့်အတူ အခြားစီးပွားရေးကဏ္ဍများအတွက်ပါ တွန်းအားဖြစ်ပေါ်လာ ခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးတွင် အရေးပါသည့်ကဏ္ဍ၌ ရှိနေသည်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၉ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day)” အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် နိုင်ငံများ၌ အခမ်းအနားများကို ကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၁၅) ကြိမ်ရှိလာခဲ့ပြီဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အတွက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သတ်မှတ်ပေးထားသည့် ဆောင်ပုဒ်မှာ " Digital Agenda and Artificial Intelligence to Redesign Tourism - ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့ " ဟူ၍ ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်သည် ခရီးသွားလုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်တန်ဆာပလာများကို သုံးစွဲခြင်းဖြင့် ခရီးစဉ်စီစဉ်သည့်လုပ်ငန်း၊ စီမံခန့်ခွဲသည့်လုပ်ငန်းနှင့် ခရီးစဉ် အတွေ့အကြုံများကို မည်သို့တိုးတက်ပြောင်းလဲစေသည်ကို စူးစမ်းလေ့လာရန် ရည်ရွယ်သည်။ နည်းပညာ တိုးတက်လာမှုများက ခရီးသွားလူအုပ်စုကြီးများကို သီးသန့်ဖန်တီးထားသည့် နေရာများတွင် စုစည်းထားသည့် ခရီးသွားလုပ်ငန်း၏ မြင်ကွင်းဟောင်းများနေရာတွင် ပါဝင်မှုနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းဂေဟစနစ်ကို အသေအချာဖန်တီးပေးသည်။ ထို့အပြင် ဒေသခံလူမှုအသိုက်အဝန်းနှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် နေသူများအတွက် ဒီဂျစ်တယ်သင်တန်းများ သင်ကြားပို့ချပေးရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက်လည်း တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းအရင်းအမြစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး မိမိတို့နိုင်ငံကို ခရီးသွား ဧည့်သည်များအတွက် စစ်မှန်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်သည့်မဖြစ် မနေလာရောက်သင့်သော ခရီးစဉ်ဒေသများတည်ရှိရာ နိုင်ငံတစ်ခုအဖြစ်ပုံဖော်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တု နည်းပညာများကို ခေတ်နှင့်အညီ အသုံးပြုခြင်းအားဖြင့် နိုင်ငံ၏ခရီးသွားကဏ္ဍကို လျင်လျင်မြန်မြန် မြှင့်တင် ဆောင်ရွက်နိုင်ပါမည့်အကြောင်း။ ။


