ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၃၈)

စိုက်ပျိုးမွေးမြူရေးဆိုင်ရာစာကြည့်တိုက်များ (အပိုင်း-၃)

ဂျာမနီနှင့် ဩစတြေးလျနိုင်ငံတက္ကသိုလ်များ စာကြည့်တိုက်

ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)

ဩစတြေးလျ၊ ဂျာမနီ၊ နယ်သာလန်နှင့် အာဆီယံ နိုင်ငံအချို့ စသည့်ကမ္ဘာ့နိုင်ငံများ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသန ပြုလာမှုအပေါ်မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံများ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူ ရေးပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုကိုလေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ စာကြည့်တိုက်များအကြောင်း ဆက်လက်ဆွေးနွေးလိုပါသည်။

၂၀၀၁ ခုနှစ် အောက်တိုဘာလက ဂျာမနီနိုင်ငံသို့ ပထမဦးဆုံးအကြိမ်သွားရောက်စဉ်က ဂျာမန် ဘာသာရပ်နှင့် စကားပြော (German Language) ကို တစ်လုံးတစ်ပါဒမျှ နားမလည်သေးပါ။ သို့သော် ဂီးဆန့်တက္ကသိုလ်(Giessen University) တွင် ပါရဂူဘွဲ့သင်တန်းတက်နေသော ဒေါက်တာခင်မာချိုက စာရေးသူကို ဖရန့်ဖွတ်အပြည်ပြည်ဆိုင်ရာလေဆိပ် (Frankfurt International Airport) အထိ လာကြိုပေးပြီး ကျောင်းတက်မည့် ကက်ဆယ်တက္ကသိုလ် ဝပ်ဆင်ဟောင်ဆင်နယ်မြေ (Kassel University, Witzenhausen Campus) အထိ လိုက်ပို့ခဲ့ပါသည်။

မီးရထားဘူတာကို စာရေးသူ၏ ဆရာကိုယ်တိုင် (အသက်နှစ်နှစ်ငယ်ပါသည်။ ) စက်ဘီးနှင့် လာကြို ပြီး မိမိခရီးသွားအိတ် (Luggage) ကို သူ့စက်ဘီး နောက်မှတင်ကာ နေထိုင်မည့်အဆောင်အထိ လမ်းလျှောက်သွားခဲ့ရသည်ကို အမှတ်တရရှိနေပါသည်။ စာရေးသူတို့နယ်မြေရှိသော ဝပ်ဆင်ဟောင် ဆင်မြို့ (Witzenhausen) လေးက အလွန်ငြိမ်သက် ပြီး ချစ်စရာကောင်းသော မြို့ငယ်လေးပါ။ ဈေးမှ အစ မဝယ်တတ်တော့ သူတို့ဆီက နာမည်ကြီးအာဒီ (ALDI Shopping Centre) ဈေးဝယ်သည့် နေရာမှာ ဒေါက်တာခင်မာချိုကိုပဲ နှိပ်စက်အကူ အညီတောင်းပြီး ဈေးဝယ်ပြီးမှ ဂီးဆင့် (Giessen) ကို ပြန်ဟူ၍ ပြောခဲ့ရပါသည်။

ဒီတစ်ခါ ပါရဂူဘွဲ့တက်ရောက်ရင်း စာကြည့်တိုက်အသုံးပြုပုံက ပုံစံတစ်မျိုးဖြစ်သွားပါပြီ။ စာကြည့်တိုက်ကက်တလောက် (Library Cata - logue) ကို အင်တာနက်အွန်လိုင်းမှ မှာယူကြည့်၍ စာရေးသူတို့ဌာန သီးနှံသိပ္ပံဌာန (Institute of Crop Science - ယခုတော့ အပူပိုင်းနှင့် အပူ လျော့ပိုင်းဒေသ အော်ဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် သီးနှံပတ်ဝန်းကျင်စနစ်ဆိုင်ရာ သုတေသန ဌာန - Organic Plant Production and Agroe- cosystems Research in the Tropics and Sub-Tropics) သို့ အရောက်ပေးပို့သည့်စနစ်ဖြစ်ပါသည်။ စာကြည့်တိုက်သို့ လူကိုယ်တိုင်သွားစရာ မလိုတော့ပါ။

နောက်တစ်ခုက ကက်ဆယ်တက္ကသိုလ်တွင် စာကြည့်တိုက်အဆောက်အအုံခွဲပေါင်း (Branches of Kassel University Library) ခုနစ်ခုရှိပါသည်။ ဂျာမနီနိုင်ငံ တစ်နိုင်ငံလုံး ပို့ဆောင်ရေးစနစ်က အလွန်ကောင်းမွန်သဖြင့် ကက်ဆယ်နှင့် ဂိုတင်ဂန် တက္ကသိုလ် (Gottingen University) ရှိ စာကြည့် တိုက်များသို့ သွားရောက်ရာတွင် စာရေးသူတို့အား နှစ်ဝက်လက်မှတ်(Semester Tickets for Stu- dents) ပေးထားသဖြင့် ကြိုက်သည့်ဒေသရထား (Regional Trains)၊ မြို့ပတ်ရထား (Tram – ဂျာမန် အခေါ် - Strassenbahn ) တက်စီးစီး ပိုက်ဆံထပ် ပေးစရာမလိုတော့ပါ။ (ဂိုတင်ဂန်တက္ကသိုလ်ရှိရာ ပြည်နယ်တွင်တော့မရပါ။ )

ဂိုတင်ဂန်တက္ကသိုလ် စာကြည့်တိုက်ကလည်း အကြီးကြီးဖြစ်ပြီး အဆောင်ငါးဆောင်၊ အထပ်ခုနစ် ထပ်ရှိပါသည်။ မြေအောက်ထပ်တွင် စာအုပ်အသစ် များထားပါသည်။ စာရေးသူတို့ မြို့လေးနှင့်နီး၊ ရထားခလည်း ပေးစရာမလိုတော့သဖြင့် စနေ၊ တနင်္ဂနွေအားလပ်ရက်တိုင်း ရောက်ဖြစ်ပါသည်။

ဂိုတင်ဂန်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် အခြားတက္ကသိုလ်မှ မြန်မာကျောင်းသား ကျောင်းသူများစွာရှိ၍လည်း မကြာခဏရောက်ရှိ ညအိပ်ကာ အပန်းဖြေဖြစ်ပါ သည်။ စနေနေ့ သူတို့တက္ကသိုလ်၏ စားသောက်ခန်းမ (Student Cafeteria ဂျာမန်အခေါ် Mensa) မှာ နေ့လယ်စာစားရာ တယူရိုကျော်ကျော်နှင့် စားသောက်ဖွယ်ရာတစ်ပွဲမှာ၊ ကြိုက်နှစ်သက်ရာ အသားငါးတစ်ပွဲ၊ အာလူး၊ အသီး၊ ဒိန်ချဉ် (Yoghurt) စသည်ဖြင့်စနစ်တကျ အာဟာရဓာတ်ကို တွက်ချက် စီမံထားသဖြင့် တစ်နပ်စာပြီးပြည့်စုံပါသည်။

စနေနေ့တိုင်းလောက်နီးနီး ထိုတက္ကသိုလ် စာကြည့်တိုက်သို့ ရောက်ဖြစ်ပါသည်။ ၂၀၀၀ ပြည့် နှစ်နောက်ပိုင်းလောက်မှစတင်၍ ဂျာနယ်မှ သုတေသနစာစောင်များ၊ အကြံပြုစာတမ်းများကို တက္ကသိုလ်တိုင်း၊ ကျောင်းသားအဖြစ်မှတ်ပုံတင် ပြီးလျှင် ထိုတက္ကသိုလ်မှ အွန်လိုင်းဂျာနယ်များကို ပုံမှန်လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးသွင်းပြီးပါက မိမိအခန်းရှိ ကွန်ပျူတာမှနေ၍ တက္ကသိုလ်ကိုယ်ပိုင် အီးမေးလ်နှင့် ကျောင်းသားမှတ်ပုံတင်အမှတ်သုံးပြီး လွှဲပြောင်းကူးယူ၍ မိမိအခန်းမှာပင် ပုံနှိပ် ထုတ်ယူဖတ်ရှုနိုင်ပါသည်။

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင်တော့ ယခင်စာကြည့်တိုက်မှူး ဒေါ်ဝင်းလဲ့လဲ့သန်း လက်ထက်ကတည်းက ကိုရီးယားအစိုးရ အထောက် အပံ့ (Korean International Development Agency - KOICA) ဖြင့် စာကြည့်တိုက်ရှိစာအုပ်များကို ဒီဂျစ်တယ်ကက်တလောက် (Digital Catalogue) ထဲတွင်သွင်းပြီး အင်တာနက်မှ လိုချင်သောစာအုပ်ရှိ မရှိ ရှာဖွေနိုင်ပါသည်။ စာအုပ်ငှားရင်တော့ စာကြည့်တိုက်သို့ ကိုယ်တိုင်သွားရောက်ရပါမည်။

 ၂၀၁၈ ခုနှစ် နောက်ပိုင်းက စာရေးသူ ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် ပြန်ရောက်သွားရာ ဇီဝသိပ္ပံစာကြည့်တိုက် (UQ Biological Science Library)၌ ပုံနှိပ်စာအုပ် တစ်အုပ်မှ မရှိတော့ပါ။ အဆောက်အအုံတစ်ခုလုံး ဒီဂျစ်တယ်စာကြည့်တိုက်ဖြစ်သွားပါပြီ။ အကုန်လုံး အွန်လိုင်းမှငှားရမ်း၊ မိမိကွန်ပျူတာထဲသို့ထည့်သွင်း၊ သို့မဟုတ် တီဗွီလောက်ကြီးကြီး ကွန်ပြူတာ ဖန်သားပြင်မှာဖတ် ကြိုက်သလိုလုပ်၍ရပါသည်။ ကျောင်းသားတိုင်း Laptop Computer တစ်လုံး စီတော့ ဝယ်ကြရပါသည်။ အောက်တွင်စားသောက်ဆိုင်ရှိပြီး ဆာလျှင် ကော်ဖီသောက်၊ အဆာပြေမုန့် စား၊ စာဆက်တိုက်ဖတ်၍ ပင်ပန်းသွားပါက ဆိုဖာထိုင်၍ သီချင်းသံလေးနှင့် အနားယူနိုင်ပါသည်။ (သို့သော် စာကြည့်တိုက်တစ်ခုလုံး ကြည့်ရှုသူ ကျောင်းသား ကျောင်းသူ အပြည့်ဖြစ်ပါသည်။)

စာရေးသူတို့နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်အများစုမှာ အွန်လိုင်းဂျာနယ်မရသေးပါ။ (အချို့တော့ရပြီထင်ပါသည်။ ) ၂၀၁၅ ခုနှစ်လောက် က ကော်နယ်တက္ကသိုလ်မှ တီထွင်ထုတ်လုပ်သော စိုက်ပျိုးရေးဆိုင်ရာ အီလက်ထရောနစ်စာကြည့်တိုက် (TEEAL – The Essential Electronic Agricultural Library) သည် အင်တာနက်မလိုဘဲ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဂျာနယ်များအရေ အတွက် ၂၀၀ ခန့်ကို ကူးယူနိုင်သော စီမံကိန်းတစ်ခု ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိခဲ့ပါသည်။ ဤစနစ်က ၂၀၂၂ ခုနှစ်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်လောက်အထိ ကူးပေးထားပါသည်။ နှစ်နှစ်လောက် တော့နောက်ကျပါသည်။ အလွန်အဖိုးတန်သော စာတမ်း၊ သုတေသနတွေ့ရှိချက်များ ပါဝင်ပါသည်။

နယ်သာလန်နိုင်ငံ ဝက်ဂံနီဂန်တက္ကသိုလ်နှင့် သုတေသနဌာန (Wageningen University and Research - WUR) ကဲ့သို့ ပုံစံမျိုး ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးသုတေသန ဌာနတို့စုပေါင်းပြီး ပြုလုပ်လျှင်လည်း ရပါသည်။ တက္ကသိုလ်ဘက်က ဂျာနယ်တချို့မှာယူ၊ သုတေသန ဘက်က ဂျာနယ်တချို့မှာယူပြီးလျှင် စာကြည့်တိုက် ပေါင်းစည်းရေးစနစ်ပုံစံ (Inter-Library Loan)နှင့် ကျောင်းဆရာ ဆရာမ သုတေသနပညာရှင်၊ ကျောင်းသား ကျောင်းသူဟူ၍ မခွဲခြားတော့ဘဲ ရှိသောအရင်းအမြစ်များကို အတူတကွ မျှဝေအသုံးပြုခြင်းပါ။

အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission - NEPC) ကို စာရေးသူရောက်ရှိသွားတော့ ရန်ကုန်မြို့တက္ကသိုလ် အသီးသီးရှိ စာကြည့်တိုက်များသို့ လေ့လာရေး သွားခဲ့ပါသည်။ စာကြည့်တိုက်ဆိုတာ သုံးစွဲသူများပြားနေမှ တန်ဖိုးကတက်တာပါ။ စာရေးသူ သဘောအကျဆုံးစာကြည့်တိုက်မှာ ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါ။ စာရေးသူတို့ သွားလေ့လာသည့်အချိန် ညနေပိုင်း ၄-၅ နာရီလောက်အထိ စာကြည့်သူ၊ စာဖတ်သူ၊ စာဆွေးနွေးနေသူ (စာဆွေးနွေးခန်းလေး - Discussion Room တွေလည်း မှန်အကြည်အကာ နှင့် ပြုလုပ်ပေးထားသဖြင့်) ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ဆွေးနွေးနေသည်ကို လှမ်းမြင်နေရပါသည်။ သို့သော် စာကြည့်တိုက်အခန်းနှင့် အဆောက်အအုံကတော့ နိုင်ငံတကာ တက္ကသိုလ်များနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ် နေပါသေးသည်။

စာရေးသူ၏အတွေး

စာရေးသူတို့အဖွဲ့သည် နေပြည်တော်အမျိုးသား စာကြည့်တိုက်အပါအဝင် နေပြည်တော်ရှိ စာကြည့် တိုက်တော်တော်များများကို လေ့လာကြည့်ရှုခဲ့ပါသည်။ အမျိုးသားစာကြည့်တိုက်သည် အဆောက် အအုံကျယ်ဝန်း၊ လေအေးပေးစက်ရှိ၊ နေရာကျယ်ဝန်းပြီး စာအုပ်၊ စာနယ်ဇင်းများစွာရှိနေသော်လည်း စာကြည့်တိုက် အသုံးပြုသူနည်းပါးနေသေးသည်ကို သတိထားမိပါသည်။ စာရေးသူထင်မြင်ချက်က တော့-

အဓိက စာဖတ်မည့်သူ၊ စာကြည့်တိုက်ကို လာရောက်ကြည့်ရှုသူများပြားလာအောင် ဆောင်ရွက် ရပါမည်။ (စာရေးသူ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက် ဖြစ်ပါသည်။)

(၁) တက္ကသိုလ်များတွင် ကျင့်သုံးနေသည့် စာသင်စနစ်၊ စာမေးပွဲစနစ်မှာ သင်ခန်းစာမှတ်စုကို အင်္ဂလိပ်လိုရိုက်ထုတ်ပေး၊ စာသင်ခန်းထဲမှာ ဆရာ ဆရာမက မြန်မာလိုရှင်းပြ၊ စာမေးပွဲဖြေတော့ အင်္ဂလိပ်လိုပြန်ဖြေဆိုတော့ စာကြည့်တိုက်အသုံးပြုပြီး မိမိအတွေးအခေါ်ရှင်းပြ၊ အချက်အလက်များဖြင့် ဖြေကြားရမှု မပါဝင်တော့ပါ။ အလွတ်ကျက် (Rote Learning, Memorizing) ကြပါတော့သည်။

(၂) သုတေသနများကလည်း ဘွဲ့ကြိုကျောင်းသား ကျောင်းသူအများစုအတွက် တီထွင်ဖန်တီးရမှု နည်းပါးနေခြင်းဖြစ်နေပါသည်။ ဘွဲ့လွန်သင်တန်း များတွင်တော့ တစ်ဦးတည်း ဆောင်ရွက်ရပါသည်။ (ဒီကြားထဲ ကောလာဟလဖြစ်ပါသည် - တချို့နေရာများတွင် သုတေသန ကြမ်းကူရေးပေးခြင်း (Thesis Writing)၊ လုပ်ငန်းမှန်သမျှ ဆောင်ရွက်ပေးခြင်း (Assignment Writing) ကို ငွေကြေးယူပြီး ဝန်ဆောင်မှုများရှိနေတော့ ကျောင်းသား ကျောင်းသူ အများစုက မိမိကိုယ်တိုင် အားမထုတ်တော့ပါ။)

(၃) ယနေ့ခေတ် ဉာဏ်ရည်တုပညာ (AI) ကလည်း ကျောင်းသား ကျောင်းသူများကို တလွဲသုံးစေပြီး ဉာဏ်ရည်တုအပေါ်တွင် လုံးဝမှီခိုကာကူးချ (Copy and Paste) ခြင်း၊ မိမိအတွေးအခေါ်ကို မသုံးဖြစ်တော့ဘဲ အမှားများစွာဖြစ်ပေါ်စေပါသည်။ နိုင်ငံတကာတွင်တော့ ဉာဏ်ရည်တုအပါအဝင် အခြားသူ၏ ရေးသားမှု တိုက်ရိုက်ကူးယူခြင်းကို စစ်ဆေးသည့် စနစ် (Plagiarism Checking System) ရှိပါသည်။ တီထွင်နိုင်စွမ်းရည်ကိုလည်း အားပေးသည့် သင်ကြားရေးစနစ်ရှိပါသည်။

စာရေးသူဆောင်ရွက်စေချင်တာကတော့ -

(က) တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းစာမေးပွဲများတွင် မိခင်ဘာသာ မြန်မာစာ/ မြန်မာလိုဖြင့် အတွေးအခေါ်ကို ဖော်ထုတ်ပြသရသော စာစီစာ ကုံးရေးသားသည့်စနစ် (Open Questions Essay Writing Systems with Mother Language)၊ မသိရသောမေးခွန်းများ (Unseen Questions) ကို ၅၀ ရာခိုင်နှုန်း (50% Compulsory Questions) ထည့်ပြီး ယနေ့ခေတ်ပေါ် သင်ကြား/ သင်ယူစီမံ ခန့်ခွဲမှုစနစ် (LMS_Learning Management System) ဖြင့် စစ်ဆေးမည်ဆိုပါက ဆရာ ဆရာမ များ၏ အချိန်ကိုလည်း အများကြီးမကုန်စေဘဲ တကယ်တော်သော၊ တွေးခေါ်မှုစွမ်းရည်ရှိသော ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာလိမ့်မည် ဟု ထင်မြင်ယူဆမိပါသည်။ (စာကြည့်တိုက်၊ အင်တာနက်များကိုလည်း မသုံးမဖြစ်သုံးလာရပါလိမ့် မည်။ စာကြည့်တိုက်ရှိ ကွန်ပျူတာများတွင် လူမှုကွန်ရက် (Social Media e.g. Facebook, TikTok, etc.) သုံးမရအောင်တော့ ပြုလုပ်ထားရပါမည်။)

(ခ) စာကြည့်တိုက်များတွင် အခမဲ့အင်တာနက် (Free Internet, IoT, Free Wi-Fi)၊ အေးဆေးငြိမ် သက်သောနေရာ (Quiet Rooms with Air-conditioning)၊ ဆွေးနွေးခန်းများ (Discussion Rooms) ဖြည့်ဆည်းပေးထားရပါမည်။

(ဂ) အမျိုးသားစာကြည့်တိုက်အပါအဝင် စာကြည့်တိုက်များအနီးတွင် လန်းဆန်းစာ (Refreshment Facilities e.g. Coffee Shops, Lump Sum Foods, Snacks) အတွက် ဈေးချိုကော်ဖီဆိုင်ကလေးများ ထားပေးရပါမည်။

(ဃ) ဥပမာ - နေပြည်တော်ရှိတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သုတေသနဌာနများအားလုံး စာကြည့်တိုက် အချင်းချင်း ငှားရမ်းပေးသည့်စနစ် (Inter-Library Loan Systems for some Places) ထားရှိပေးခြင်း (စာအုပ်များ မပျောက်အောင်တော့ စနစ်ရှိရပါမည်။)

(င) နေ့စဉ် (သို့မဟုတ်) ရုံးပိတ်၊ ကျောင်းပိတ်ရက်များတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စာကြည့် တိုက်များသို့ အခမဲ့ (သို့) အထူးနှုန်းလှည့်လည်ပို့ဆောင်ပေးသည့် လွန်းပြန်ဘတ်စ်များ (Free or Discount Rate Shuttle Buses for both weekdays and weekend _ Library Tours) ထား ပေးခြင်း ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။

(စ) စာကြည့်တိုက်မှ စာများဖတ်ရှုပြီး တစ်လ တစ်ခါ စာပေပြိုင်ပွဲ (Literacy Contest based on Reading Knowledge from Libraries e.g. Speech, Writing, etc. Contest) များ ကျင်းပ ပေးခြင်း၊ ဆုချပေးခြင်းအားဖြင့် နိုင်ငံတကာ စာကြည့်တိုက်များကဲ့သို့ စာဖတ်သူဦးရေ တိုးတက်လာပြီး အတွေးအခေါ်ကောင်းသည့် လူငယ်မျိုးဆက်သစ်များ တိုးပွားလာကြမလားဟု တွေးနေမိပါသည်။ ။