သုတေသနအခြေပြုတက္ကသိုလ်များ
ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း)
ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုး မွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက် ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက် ဆွေးနွေးလိုပါသည်။
သုတေသနအခြေပြုတက္ကသိုလ် (Research-based University) ဆိုသည်မှာ ပညာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းကို တန်းတူအရေးထားပြီး အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ဘာသာရပ်များကို အဓိကဦးစားပေး သုတေသနကို ဦးစားပေး/ဇောင်းပေးကာ အသိပညာအသစ်များ ဖန်တီးထုတ်လုပ်သော တက္ကသိုလ်များကို ဆိုလိုပါသည်။
ဤတက္ကသိုလ်များ၏ အဓိကတာဝန် သုံးရပ်မှာ-
ပညာသင်ကြားခြင်း၊
သုတေသနပြုလုပ်ခြင်း၊
လူမှုဝန်ဆောင်မှုနှင့် နည်းပညာဖြန့်ဝေခြင်း (Extension/Community Engagement) တို့ ဖြစ်ပါ သည်။
ဤသုတေသနအခြေပြုတက္ကသိုလ်များက သိပ္ပံပညာဆိုင်ရာ အသိပညာအသစ်များ ဖန်တီးခြင်း၊ နည်းပညာအသစ်များ တီထွင်ခြင်း၊ နိုင်ငံတော်မူဝါဒများကို အထောက်အကူပြုခြင်း၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကို အားပေးခြင်း၊ အရည်အသွေးမြင့် သုတေသီများနှင့် သိပ္ပံပညာရှင်များ မွေးထုတ်ပေး ခြင်းတို့ကို ဆောင်ရွက်နေပါသည်။
သုတေသနအခြေပြု တက္ကသိုလ်များ၏ အဓိကလက္ခဏာများ
(က) သုတေသနရန်ပုံငွေ အားကောင်းခြင်း
သုတေသနလုပ်ငန်း ရန်ပုံငွေများကို အစိုးရသုတေသနရန်ပုံငွေ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ဖောင်ဒေးရှင်းများ၊ ဘွဲ့ရ ကျောင်းသား ကျောင်းသူဟောင်းများ၏ လှူဒါန်းငွေ စသည်တို့မှ ရရှိကြပါသည်။
(ခ) အရည်အသွေးမြင့်မားသော ဆရာ ဆရာမ များစွာရှိခြင်း
သုတေသနတက္ကသိုလ်များတွင် ပြည်တွင်း ပြည်ပပါရဂူဘွဲ့ရများ၊ နိုင်ငံတကာဂျာနယ်များတွင် သုတေသနစာတမ်း ထုတ်ဝေသူ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ပါရဂူဘွဲ့လွန်များ၊ ဘွဲ့လွန် ကျောင်းသားနှင့် ကျောင်းသူများကို ကြီးကြပ်သူများ၊ သုတေသနစီမံကိန်းဦးဆောင်သူများ များစွာ ရှိကြပါသည်။
(စာကြွင်း။ စာရေးသူ သိရှိသလောက် မြန်မာနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်များ အပါအဝင် တက္ကသိုလ် အများစုမှာ ပါရဂူဘွဲ့လွန်သုတေသန ပြုလုပ်နေသူ ပြည်တွင်း ပြည်ပ ပါရဂူဘွဲ့ရ ကျောင်းသား ကျောင်းသူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါ၊ ဤအစီအစဉ်ရှိနေခြင်းက တက္ကသိုလ်တစ်ခုချင်း၏ ဆက်တိုက်သုတေသနစွမ်းရည် - Continuous Research Efficiency တိုးတက်ကောင်းမွန်စေပါ သည်။ မဖြစ်မနေဆောင်ရွက်သင့်ပါသည်။)
(ဂ) ခေတ်မီသုတေသနအဆောက်အအုံ များပြားစွာ ရှိနေခြင်း
သုတေသနပြုလုပ်ရန် ဥပမာ - အဆင့်မြင့် ဓာတ်ခွဲခန်းများ၊ စမ်းသပ်စိုက်ခင်းများ၊ သုတေသန ခြံများ၊ ဇီဝနည်းပညာဓာတ်ခွဲခန်းများ (Biotech-nology Laboratory)၊ ဉာဏ်ရည်တုဓာတ်ခွဲခန်းများ (AI Laboratory)၊ ရာသီဥတုဆိုင်ရာသုတေသနဌာန၊ အချက်အလက်များစွာ သိမ်းဆည်းထားပေးနိုင်သော စူပါကွန်ပျူတာဌာန စသည်တို့ ဖြစ်ပါသည်။
(င) သုတေသနစာတမ်းများ များစွာထုတ်ဝေခြင်း
နှစ်စဉ် သုတေသနအခြေပြုတက္ကသိုလ်များမှ ပညာရှင်များက အွန်လိုင်း၊ ပုံနှိပ်ဂျာနယ်နှင့် ဝက်ဘ် ဆိုက်များ ဥပမာ - Web of Science၊ Scopus၊ PubMed၊ AGRICOLA စသည်တို့တွင် ထောင်နှင့်ချီ သော သုတေသနစာတမ်းများ ထုတ်ဝေကြပါသည်။
(စ) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု များပြား ခြင်း
သုတေသနအခြေပြုတက္ကသိုလ်များ၊ ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များ၊ ဘာသာရပ်နှင့် ဆိုင်သော သုတေသနဌာနများ၊ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ စသည့် အဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ကြပါသည်။
(ဆ) ဆန်းသစ်တီထွင်မှု အမြဲရှိနေခြင်း
သုတေသနအခြေပြုတက္ကသိုလ်ရှိ သုတေသန ရလဒ်များကို မူပိုင်ခွင့် (Patent)၊ ကုမ္ပဏီ (Start-up Company)၊ စိုက်ပျိုးရေးစက်ကိရိယာများ၊ သီးနှံမျိုးသစ်များရောင်းချသည့် အဖွဲ့အစည်းများ၊ ဆော့ဝဲလ်ပြုလုပ်သူများ၊ နည်းပညာအသစ်များအဖြစ် ပြောင်းလဲအသုံးချနိုင်ပါသည်။
နိုင်ငံအသီးသီးရှိ စိုက်ပျိုးရေး သုတေသနအခြေပြု တက္ကသိုလ်များ
စိုက်ပျိုးရေး သုတေသနတက္ကသိုလ်များက စိုက်ပျိုးရေးပညာသင်ကြားခြင်း၊ သုတေသန လုပ်ငန်းများ၊ တောင်သူပညာပေးလုပ်ငန်းတို့ကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။
ပထမဆုံးအနေဖြင့် ဩစတြေးလျနိုင်ငံ ဘရစ် စဘိန်းမြို့ရှိ ကွင်းစလန်တက္ကသိုလ် (The University of Queensland, Brisbane, Australia) အကြောင်း လေ့လာကြည့်ရအောင်ပါ။
ကွင်းစလန်တက္ကသိုလ်သည် ဩစတြေးလျနိုင်ငံ၏ အထင်ကရ သုတေသနအခြေပြုတက္ကသိုလ်များ ထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့်မီ သုတေသနများ၊ နည်းပညာဆန်းသစ် တီထွင်မှုများနှင့် အသိပညာ အသစ်များ ဖန်တီးရာတွင် ဦးဆောင်နေသော တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ “Research-based Uni-versity” ဟူသည်မှာ သင်ကြားရေးတစ်ခုတည်းကိုသာ အဓိကထားသည့် တက္ကသိုလ်မဟုတ်ဘဲ သင်ကြားရေး၊ သုတေသနနှင့် လူမှုအကျိုးပြု လုပ်ငန်းများကို တစ်ပြိုင်နက်တည်း အဓိက တာဝန် အဖြစ် ဆောင်ရွက်သည့် တက္ကသိုလ်ကို ဆိုလိုပါသည်။
၁။ သုတေသနသည်တက္ကသိုလ်၏ အဓိက တာဝန် ဖြစ်ခြင်း
ဤတက္ကသိုလ် - ယူကျူ (UQ) တွင် တက္ကသိုလ်၏ အဓိကတာဝန်သုံးရပ်မှာ - သင်ကြားရေး၊ သုတေသန၊ လူမှုအကျိုးပြုလုပ်ငန်းနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုတို့ဖြစ်ပါသည်။
သုတေသနလုပ်ငန်းများကို ဘာသာရပ်အားလုံးတွင် ပေါင်းစပ်ဆောင်ရွက်ထားပြီး စိုက်ပျိုးရေးနှင့် အစားအစာ သိပ္ပံ၊ အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ တိရစ္ဆာန်ဆေးပညာ၊ ပတ်ဝန်းကျင်သိပ္ပံ၊ စီးပွားရေး၊ ပညာရေး၊ လူမှုသိပ္ပံ စသည့်နယ်ပယ်များတွင် အထူးတက်ကြွစွာ လုပ်ဆောင်နေပါသည်။ ကွင်းစလန် တက္ကသိုလ်တွင် ဆရာ ဆရာမများသည် သင်ကြားရေးသာမက သုတေသနပြုလုပ်ခြင်းကိုလည်း မဖြစ် မနေ ဆောင်ရွက်ရပါသည်။
၂။ ထိပ်တန်းသုတေသနတက္ကသိုလ် ရှစ်ကျောင်း အဖွဲ့ဝင်ဖြစ်ခြင်း
ဤတက္ကသိုလ် UQ သည် ဩစတြေးလျနိုင်ငံ၏ ထိပ်တန်းသုတေသနတက္ကသိုလ် ရှစ်ခုဖြင့် ဖွဲ့စည်း ထားသော (Group of Eight - Go8) အဖွဲ့ဝင်ဖြစ်ပါသည်။ Go8 တက္ကသိုလ်များသည် ဩစတြေးလျ တက္ကသိုလ်သုတေသနအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်ကြပါသည်။ နိုင်ငံ၏ ပါရဂူဘွဲ့ရအများစု ကို မွေးထုတ်ပေးကြပါသည်။ အစိုးရ၏ ယှဉ်ပြိုင် သုတေသနရန်ပုံငွေအများစုကို ရရှိကြသည်။ ထို့ကြောင့် Go8 အဖွဲ့ဝင်ဖြစ်ခြင်းသည် ကွင်းစလန် တက္ကသိုလ်၏ သုတေသနအင်အားကို ထင်ရှားစွာ ပြသနေပါသည်။
၃။ ကမ္ဘာ့အဆင့်မီ သုတေသနထုတ်ဝေမှုများရှိခြင်း
နှစ်စဉ် နိုင်ငံတကာအသိအမှတ်ပြု သိပ္ပံဂျာနယ်များတွင် သုတေသနစာတမ်း ထောင်ပေါင်းများစွာ ထုတ်ဝေပါသည်။
အဓိကသုတေသနနယ်ပယ်များမှာ -
(၃-က) စိုက်ပျိုးရေး။ ရာသီဥတုနှင့် လိုက်လျော ညီထွေသော စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ရေစီမံ ခန့်ခွဲမှု၊ မျိုးကောင်းမျိုးသန့် ဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာသိပ္ပံ၊ တိကျသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားရေရိက္ခာဖူလုံရေး။
(၃-ခ) ဆေးပညာ။ ကင်ဆာသုတေသန၊ ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကူးစက်ရောဂါများ၊ မျိုးဗီဇ သုတေသန။
(၃-ဂ) အင်ဂျင်နီယာ။ စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်တု (AI)၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်၊ ရေအင်ဂျင်နီယာ၊ သတ္တုတွင်းအင်ဂျင်နီယာ။
(၃-ဃ) ပတ်ဝန်းကျင်သိပ္ပံ။ မဟာဘယ်ရီယာ ကျောက်တန်း(Great Barrier Reef ) သုတေသနများ။
၄။ ကမ္ဘာ့အဆင့်မီသုတေသနဌာနများ ရှိခြင်း
အထူးပြုသုတေသနဌာန၊ ဓာတ်ခွဲခန်းများစွာ ရှိပါသည်။ ဥပမာ ကွင်းစလန်စိုက်ပျိုး မွေးမြူရေးနှင့် အစားအစာတီထွင်ထုတ်လုပ်ရေး ပူးပေါင်းအဖွဲ့ (Queensland Alliance for Agriculture and Food Innovation - QAAFI)၊ ကွင်းစလန် ဦးနှောက် သုတေ သနဌာန (Queensland Brain Institute)၊ မော်လီ ကျူးဆိုင်ရာ ဇီဝသိပ္ပံသုတေသနဌာန (Institute for Molecular Bioscience)၊ ဩစတြေးလျ ဇီဝ အင်ဂျင်နီယာနှင့် နာနိုနည်းပညာသုတေသနဌာန (Australian Institute for Bioengineering and Nanotechnology)၊ ရေရှည်တည်တံ့ခိုင်မြဲစေသော ဓာတ်သတ္တုသုတေသနဌာန (Sustainable Minerals Institute) စသည့်ဌာနများသည် နိုင်ငံတကာမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းကာ အဆင့်မြင့်သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။
၅။ သုတေသနရန်ပုံငွေ အားကောင်းခြင်း
သုတေသနရန်ပုံငွေများကို ဩစတြေးလျအစိုးရ၊ ကွင်းစလန်ပြည်နယ်အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက ဖောင်ဒေးရှင်းများ၊ နိုင်ငံတကာသုတေသန ရန်ပုံငွေများမှ ရရှိပါသည်။ ယင်းရန်ပုံငွေများကို ဓာတ်ခွဲခန်းများ၊ စိုက်ကွင်း /လယ်ကွင်းသုတေသန၊ သုတေသန စမ်းသပ်စိုက်ခင်းများ၊ ပညာသင်ဆုများ၊ ခေတ်မီ သိပ္ပံပစ္စည်းများ ဝယ်ယူရန်အတွက် အသုံးပြုပါ သည်။
၆။ ပါရဂူဘွဲ့နှင့် အဆင့်မြင့်သုတေသနဒီဂရီ အစီအစဉ်များရှိခြင်း
သုတေသနအခြေပြုတက္ကသိုလ်တစ်ခု၏ အရေးကြီးဆုံး လက္ခဏာမှာ သုတေသနပညာရှင်များကို မွေးထုတ်ပေးခြင်းဖြစ်သည်။ ကွင်းစလန်တက္ကသိုလ်တွင် - မဟာဒဿန (Master of Philosophy - MPhil)၊ ပါရဂူ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပါရဂူဘွဲ့အစီအစဉ်များကို ဖွင့်လှစ်ထားပြီး ကျောင်းသားများသည် မူရင်းသုတေသနများကို ကြီးကြပ်ဆရာများ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက် ကြပါသည်။
၇။ သင်ကြားရေးနှင့် သုတေသနကို ပေါင်းစပ်ထားခြင်း
ဘွဲ့ကြိုကျောင်းသားများသည်ပင် သုတေသန စီမံကိန်းများ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ စိုက်ကွင်း သုတေသန၊ ဂုဏ်ထူးတန်းသုတေသန (Honours Thesis)၊ နောက်ဆုံးနှစ် ဘွဲ့ယူသုတေသနပရောဂျက် (Capstone Project) များတွင် ပါဝင်ခွင့်ရရှိကြပါသည်။ ထို့ကြောင့် ကျောင်းသားများသည် စာအုပ်ထဲ မှ အသိပညာကိုသာ သင်ယူခြင်းမဟုတ်ဘဲ အသိပညာအသစ်များ မည်သို့ဖန်တီးရသည်ကိုလည်း သင်ယူနိုင်ပါသည်။
၈။ နိုင်ငံတကာပူးပေါင်းသုတေသနများစွာရှိခြင်း
ကမ္ဘာ့တက္ကသိုလ်များ၊ နိုင်ငံတကာသုတေသနဌာနများ၊ အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ ကွန်မွန်း တဲလ်သိပ္ပံနှင့် နည်းပညာ(CSIRO) ကဲ့သို့သော သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်ပါသည်။
၉။ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာလွှဲပြောင်း ပေးနိုင်ခြင်း
သုတေသနရလဒ်များကို - နည်းပညာအသစ်များ၊ မူပိုင်ခွင့်၊ စတင်ခါစကုမ္ပဏီများ၊ ဆေးဝါးအသစ် များ၊ သီးနှံမျိုးကောင်းများ၊ စိုက်ပျိုးရေး စက်ကိရိယာများ၊ တိကျစိုက်ပျိုးရေးနည်းပညာများအဖြစ် ပြောင်းလဲအသုံးချနိုင်ပါသည်။
၁၀။ ခေတ်မီသုတေသနအဆောက်အအုံများ ရှိနေခြင်း
ခေတ်မီဓာတ်ခွဲခန်းများ၊ သုတေသနစိုက်ခင်းများ၊ မှန်ခြံများ၊ ကွန်ပျူတာအကြီးစားများ၊ ဒီအင်န် အေ ဓာတ်ခွဲခန်းများ၊ အင်ဂျင်နီယာအလုပ်ရုံများ၊ ခွဲခြမ်းစိတ်ဖြာသော ဓာတ်ခွဲခန်းများ၊ အဝေးမှ ခန့်မှန်း (Remote Sensing) နည်းပညာများ စသည်တို့ကို သုတေသီများ အသုံးပြုနိုင်ပါသည်။
၁၁။ ကမ္ဘာ့အဆင့်သုတေသန ဂုဏ်သတင်းကြီးနေခြင်း
ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များတွင် သုတေသနအရည်အသွေး၊ သုတေသန ကိုးကားမှု နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့အတွက် ထိပ်တန်းနေရာများတွင် အမြဲတမ်းရပ်တည်လျက် ရှိနေပါသည်။
၁၂။ စိုက်ပျိုးရေးသုတေသနတွင် ဦးဆောင်မှု ကောင်းခြင်း
စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် ကွင်းစလန် တက္ကသိုလ်သည် အပူပိုင်းဒေသ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ရေစီမံခန့်ခွဲမှု၊ သီးနှံမျိုးကောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အပင်ရောဂါဗေဒ၊ တိရစ္ဆာန်သိပ္ပံ၊ တိကျစိုက်ပျိုးရေး၊ စနစ်ကျသောရာသီဥတုဆိုင်ရာ စိုက်ပျိုးမွေးမြူရေး၊ စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်း ပညာ၊ မြေဆီဩဇာစီမံခန့်ခွဲမှု၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ စသည့်နယ်ပယ်များ၌ အထူး ကျော်ကြားပါသည်။ အထူးသဖြင့် ဂတ်တန်နယ်မြေသည် စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားရေးနှင့် သုတေသနအတွက် အဓိကဗဟိုဌာနတစ်ခု ဖြစ်ပါသည်။
စာရေးသူ၏အတွေး
သုတေသန အခြေပြုတက္ကသိုလ်အဖြစ် ပြောင်းလဲရန်-
(က) ဘွဲ့ကြိုသင်တန်းများ လျှော့ချပြီး ဘွဲ့လွန် သုတေသန သင်တန်းအစီအစဉ်များကို ဦးစားပေး ရပါမည်။ ကွင်းစလန်တက္ကသိုလ်၌ ၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူပေါင်း ၅၇၀၀၀ ကျော်ရှိပြီး ၂၂၀၀၀ ကျော်က ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ ဖြစ်ပါသည်။ သုတေ သန ပေါင်းစုံအပြိုင်အဆိုင် ပြုလုပ်လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးသုတေသနတက္ကသိုလ်ဆိုလျှင် ဘွဲ့ကြိုသင်တန်းများ သင်ကြားမှုမရှိဘဲ ဘွဲ့လွန်သုတေသနသင်တန်းများသာ သင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။
(ခ) ဘွဲ့လွန်သင်တန်း၊ သုတေသနများကို ကြီးကြပ် လမ်းညွှန်နိုင်သော ပြည်တွင်း ပြည်ပ ပါရဂူဘွဲ့ရ ဆရာ ဆရာမများစွာ ရှိရပါမည်၊ (ဖွဲ့စည်းပုံအရ ဌာန တစ်ခုတွင် ဘာသာရပ်၊ ဘာသာခွဲအလိုက် ပါမောက္ခအဆင့် ရာထူးများစွာတိုးမြှင့်ထားရှိရပါမည်။ နိုင်ငံတကာ တက္ကသိုလ်များကဲ့သို့ ဌာနမှူး၊ မဟာဌာနမှူးများ အလှည့်ကျလုပ်ဆောင်သည့်စနစ် ဆောင်ရွက်ရ ပါမည်။)
(ဂ) စိုက်ပျိုးရေးဌာန၊ စိုက်ပျိုးရေးသုတေသနဌာနအစရှိ အခြားဌာနများမှ ဘွဲ့လွန်သုတေသနကြီးကြပ်၊ လမ်းညွှန်ပေးနိုင်သော ပညာရှင်များကို အချိန်ပိုင်း သုတေသနကြီးကြပ် ဆရာ ဆရာမအဖြစ် ခန့်အပ်၍ တာဝန်ပေး၊ ဉာဏ်ပူဇော်ခများပါ ပေးနိုင်သည့် အစီအစဉ်များ ထည့်သွင်းပြီးဖြစ်ရပါမည်။
(ဃ) အငြိမ်းစားသုတေသန ပညာရှင်ကြီးများ၊ ဆရာ ဆရာမကြီးများကို ဂုဏ်ထူးဆောင် ပါမောက္ခ၊ ဧည့်ပါမောက္ခ၊ ဧည့်ကထိက စသည်တို့ ခန့်အပ်၍ ဘွဲ့လွန်သင်တန်းများ သင်ကြားစေခြင်း၊ ဘွဲ့လွန် သုတေသနများကြီးကြပ်စေခြင်း စသည်တို့ ဆောင်ရွက်နိုင်ရပါမည်။ ။


