ခပ်ခွာခွာနေထိုင်ခြင်းသည်သာ အကောင်းဆုံး

mdn

နေပြည်တော် ၂၉ မတ်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့သည့် တစ်ကမ္ဘာလုံးကူးစက်ပျံ့နှံ့နေသော COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှစတင်ဖြစ်ပွားခဲ့ သည်။ မတ် ၂၃ ရက်မှ ၂၈ ရက်အထိ ငါးရက်အတွင်း လူ ရှစ်ဦးတွင် ရောဂါတွေ့ရှိခဲ့ရာ ရောဂါဖြစ်ပွားမှု နေ့စဉ်တိုးနေသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ထို့ကြောင့် ကူးစက်ခြင်းမခံရဖို့အရေး တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေပေးကြဖို့လိုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိမှုကို ဆန်းစစ်ကြည့်မည် ဆိုလျှင် မတ် ၂၃ ရက်တွင် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ ပြန်လာသူ နှစ်ဦး၊ အမတ် ၂၅ ရက်တွင် အင်္ဂလန်မှပြန်လာသူ တစ်ဦး၊ မတ် ၂၇ ရက်တွင် အမေရိကန်မှပြန်လာသူတစ်ဦးနှင့် သြစတြေးလျနှင့်စင်ကာပူမှ ဆေးကုသ ပြီးပြန်လာသူ တစ်ဦး၊ မတ် ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှပြန်လာသူတစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံမှ ရောက်ရှိလာသူတစ်ဦးနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် ခြင်းမရှိသော်လည်း နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံတွင် အနီးကပ်အလုပ် လုပ်ခဲ့သူ တစ်ဦး စုစုပေါင်း ရောဂါတွေ့ရှိသူ ရှစ်ဦးရှိနေပြီဖြစ်သည်။

 

ယင်းကိုကြည့်လျှင် COVID-19 ရောဂါသည် ပြည်ပနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မှတစ်ဆင့် မြန်မာနိုင်ငံသားများကို ဆင့်ပွားကူးစက်ပျံ့နှံ့ခြင်း လတ်တလော စစ်ဆေး နိုင်မှုအရ မတွေ့ရသေးပေ။ ထို့ကြောင့် ပြည်ပမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာ ကြသော နိုင်ငံသားများ၊ နိုင်ငံခြားသားများအား သီးခြားနေထိုင်သည့် Quarantine လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ပါအတိုင်း အတိအကျလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏အနေအထားအရဤသို့သောအခြေအနေ အနေအထားမျှ ဖြစ်ပွားနေသည်မှာ စိတ်သက်သာရာ ရဖွယ်ဟုဆိုနိုင်သော်လည်း လူတို့ တွင် အဆိုပါရောဂါရှိ၊ မရှိ သေချာတပ်အပ်မသိနိုင်သဖြင့် ရောဂါကြိုတင် ကာကွယ်ရေးဆောင်ရန်၊ ရှောင်ရန်လမ်းညွှန်ချက်များကို ပြည်သူအားလုံး လိုက်နာအားထုတ် ဆောင်ရွက်ကြ ရန်လိုပေမည်။ ရောဂါကူးစက်ခြင်းမှ သက်သာစေရန် လူတို့၏နေ့စဉ် နေထိုင်သွားလာမှုဘဝများတွင် မတတ်သာသဖြင့် ခပ်ခွာခွာနေကြရမည်ကို နားလည်မှုရှိဖို့လိုမည်ဖြစ် သည်။

 

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် လူအများ နှင့်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချရမည်ဖြစ်သည်။ မတတ်သာ၍ ပြင်ပသို့၊ လုပ်ငန်းခွင်သို့ သွားရသော်လည်း လူစုလူဝေး၊ လူတို့နှင့်အနီးကပ် ထိတွေ့မှုကို ရှောင်ရှားရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ မိမိတို့နေအိမ်တွင်သာ နေထိုင်သင့်ပါသည်။ အခြားသူများနှင့် ဆက်ဆံရာတွင် သုံးပေအကွာမှသာ ဆက်ဆံပြောဆိုရမည်ဖြစ်ပြီး မကြာခဏဈေးဝယ်ခြင်းကို မပြုလုပ်ဘဲ လိုအပ်မှသာ လိုအပ်သလောက် တစ်ယောက်တည်း ဈေးဝယ်ရန် လိုပါသည်။

 

COVID-19 ရောဂါနှင့်ပတ်သက်၍ လူအများနှင့်ထိတွေ့ဆက်ဆံနေလျှင် ရောဂါပိုးရှိသူ လူတစ်ဦးကို ရောဂါရှိမှန်းမသိနိုင်ဘဲ ပုံမှန်အတိုင်းသာ ပြောဆိုဆက်ဆံသွားလာနေကာ ငါးရက်အတွင်း လူနှစ်ဦးမှ သုံးဦးအထိ ကူးစက်နိုင်ပြီး ရက် ၃၀ အတွင်း လူ ၄၀၀ ကျော်အထိ ကူးစက်သွားနိုင်သည်။ နေ့စဉ်ဘဝတွင် လူအများနှင့်ထိတွေ့မှုကို ထက်ဝက်ခန့် လျှော့ချနိုင်ပါက ရက် ၃၀ အတွင်း လူ ၁၅ ဦးသာကူးစက်နိုင်ပြီး လူအများနှင့်ထိတွေ့မှုကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါက ရက် ၃၀ အတွင်း လူနှစ်ဦးမှ သုံးဦး အထိသာ ကူးစက်နိုင်ပါသည်။

 

သို့ဖြစ်ရာ ထိုရောဂါသည် တစ်ဦးမှအစ တစ်ကမ္ဘာလုံး ကူးစက် လာခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှစတင်၍ ပြည်ပမှ ရောက်ရှိလာသည့် ရောဂါဖြစ်သူ ရှစ်ဦးသာရှိသေးရာ မြန်မာနိုင်ငံသားများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းမရှိစေရန် တစ်ဦးနှင့်တစ်ဦး မတတ်သာ၍ ခပ်ခွာခွာနေထိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ