ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့် ပွဲစဉ် ၂ တွင် ရီးရဲမက်ဒရစ်၊ အက်စ်တွန်ဗီလာ၊ ပီအက်စ်ဂျီတို့ နိုင်ပွဲရ

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့် ပွဲစဉ် ၂ မှ Stadio Olimpico ကွင်း၌  အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ရိုးမားနှင့် အသင်းကြီး ရီးရဲမက်ဒရစ်အသင်း ပွဲစဉ် တွင် ရီးရဲမက်ဒရစ်အသင်းက  အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး  လေးဂိုး- သုံးဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ချန်ပီယံလိဂ်ပွဲ ၁၀၀ မြောက် ကစားခဲ့သည့် ရီးရဲမက်ဒရစ်အသင်း အဓိကတိုက်စစ်ကစားသမား အမ်ဘာပေသည်  ချန်ပီယံလိဂ်  ၇၂ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့သည်။  ထို့ကြောင့် ၎င်းသည် ရီးရဲ မက်ဒရစ်အသင်း ဂန္ထဝင်ကစားသမား  ရာအူးလ်၏ ၇၁  ဂိုး   စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ အိမ်ရှင် ရိုးမားအသင်းသည် မာတင်ဒီရွန်၊ ဒွန်ယယ်မာလင်တို့၏ သွင်းဂိုးများဖြင့် ရီးရဲမက်ဒရစ်အသင်းကို မိနစ် ၈၀ ကျော်အထိ သုံးဂိုး - တစ်ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ပြိုင်ဘက်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို ဟန့်တားကာကွယ်နိုင်စွမ်းမရှိတော့ဘဲ ချေပဂိုးနှင့် အနိုင်ဂိုးများ ဆက်တိုက်ခွင့်ပြုပေးခဲ့ရကာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

အခြားပွဲစဉ် ရလဒ်များတွင် အက်စ်တွန် ဗီလာက ဖီနာဘာချီကို  ခြောက်ဂိုး-ဂိုးမရှိ၊ ဘိုဒိုဂလင့်က  ဒေါ့မွန်ကို တစ်ဂိုး-ဂိုးမရှိ၊ ပီအက်စ်ဂျီက မန်စီးတီးကို လေးဂိုး-နှစ်ဂိုး၊ ဘက်တစ်က  ပေါ်တိုကို   သုံးဂိုး-နှစ်ဂိုး၊ ရှက်တာဒိုးနက်ခ်က AEK အေသင်ကို သုံးဂိုး- တစ်ဂိုး၊ စတုဂတ်က ဆလိုဗန်ကို သုံးဂိုး-ဂိုး မရှိဖြင့် နိုင်ပွဲအသီးသီး ရရှိခဲ့သည်။

အောင်ဇော်