ချင်းတိုင်းရင်းသားတို့၏ ရိုးရာအစားအသောက်များအကြောင်း

မင်းလပြည့်(ဟားခါး)

 

လူသားဖြစ်လာသည်နှင့် စား၊ ဝတ်၊ နေရေးသည် အဓိကအရေးကြီးလှသည်။ လူတစ်ဦး အသက်ရှည် ရပ်တည်ရန် ကံ၊ စိတ်၊ ဥတု၊ အာဟာရရှိရန် လိုသည်။ အထူးသဖြင့် အာဟာရသည် အသက်ရှင်ရပ်တည်ရေးတွင် ထိပ်ဆုံးမှ အရေးပါသည်။ လူသားတိုင်း အစာမစားဘဲ အသက်ရှင်သန်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူတိုင်း ဆာလောင်မှုကို ဖြေရှင်းရန်၊ အာဟာရပြည့်ဝသော အစားအစာစားရန် လိုသည်။ ကမ္ဘာပေါ်တွင် လူမျိုးတိုင်း နှစ်ခြိုက်ကြသော အဓိက အစားအစာများ ရှိကြသည်။ သာဓကအားဖြင့် မြန်မာလူမျိုးတို့သည် မုန်းဟင်းခါးကို အလွန်နှစ်သက်ကြသကဲ့သို့ ဂျပန်လူမျိုးတို့တွင် ဆူရှီအစားအစာ၊ တောင်ကိုးရီးယားတွင် ဂင်ချီ၊ အင်ဒိုနီးရှားတွင် အုန်းနို့ဖြင့်ပြုလုပ်သော အစားအစာများ၊ အီတလီ လူမျိုးများတွင် စပါကတီ၊ အမေရိကန်နှင့် အခြားဥရောပနိုင်ငံများတွင် စည်သွပ် အသား၊ ဟမ်ဘာဂါတို့ကို နှစ်ခြိုက်ကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့တွင် ရှမ်းလူမျိုးများတွင် တို့ဟူး၊ ရှမ်းခေါက်ဆွဲ၊ ရခိုင်လူမျိုး များတွင် ရခိုင်မုန့်ဟင်းခါးများကို လွန်စွာနှစ်သက်ပြီး လူကြိုက်များကြသည်။ ပြောင်းဖူးနှင့် အသားပြုတ်ထားသော ဆာဘူးသီး ရိုးရာအစားအစာကို ချင်းတိုင်းရင်းသားတို့က နှစ်သက်စားသုံးကြသည်။

 

အစားအသောက်မှ ချင်းတိုင်းရင်းသားတို့သည် တစ်နေ့တွင် ထမင်းသုံးနပ် စားသော အကျင့်ရှိလေသည်။ နံနက်စာကို ၈ နာရီမှ ၉ နာရီအတွင်း၊ နေ့လယ်စာကို ၁၂ နာရီမှ ၂ နာရီအတွင်း၊ ညစာကိုမူ ၆ နာရီမှ ၈ နာရီအတွင်း စားသောက်လေ့ရှိသည်။ နံနက်စာကို နံနက်စောစော တောင်ယာသို့ အလုပ် မဆင်းမီ စားသောက်ခြင်းဖြစ်၍ နေ့လယ်စာကို တောင်ယာလုပ်ငန်း ခေတ္တနားချိန်တွင် စားသောက်ခြင်းဖြစ်သည်။ ထမင်းအနေဖြင့် ဆပ်ဆန်၊ ပြောင်းဖူး၊ တောင်ယာစပါးနှင့် အောင်းလောက် (ခေါ်) ပဲသီးစေ့များကို ချက်ပြုတ်စားသောက် ကြသည်။ ဆပ်ဆန်နှင့် တောင်ယာစပါးများကို ချက်ပြုတ်ချိန် နီးသောအခါ လက်ထောင်းဆုံများဖြင့် ထောင်း၍ စားသောက်ကြသည်။ ပြောင်းဖူးများကို အိမ်မိုးအောက်နှင့် မီးဖိုဆောင် အမိုးအောက်တွင် တင်ထားပြီးမှ စားသောက်ချိန်တွင် ယူငင်စားသုံးကြသည်။ အောင်းလောက်ပဲကို ရေတွင်တစ်ပတ်ခန့် စိမ်ပြီးမှ ပြုတ်၍ စားသောက်ကြသည်။ ဟင်းလျာအဖြစ် ဟင်းသီး ဟင်းရွက်များ၊ တစ်ခါတရံတွင် အိမ်တွင် မွေးထားသော ကြက်၊ ဝက်များကို ချက်၍စားတတ်သည်။ အမဲလိုက်၍ရသောအခါတွင် ချေသား၊ ဆတ်သား၊ သမင်သားများကို ချက်ပြုတ်စားသောက်၍၊ မြစ်၊ ချောင်း၊ အင်းအိုင်များနှင့်နီးသော ချင်းရွာများတွင်မူ ငါးကို စားကြသည်။

 

အချို့သော ချင်းရွာများတွင် မြောက်ဥ၊ ပိန်းဥ၊ ကစွန်းဥ၊ အာလူး စသည်တို့ကို ထမင်းဟင်းအဖြစ် ချက်ပြုတ်၍ စားသောက်လေ့ရှိသည်။ တောရွာများနေ ချင်းလူမျိုးတို့သည် မီးဖိုဆောင်များကို သီးသန့်မထားဘဲ၊ အိမ်အတွင်းမှာပင် မီးဖိုထားလေ့ရှိသည်။ မီးခိုးများ အမိုးအကာကိုစွဲသော် အမိုးအကာများသည် ပို၍ပင်ခိုင်သည်ဟု ချင်းလူမျိုးတို့အယူရှိကြသည်။ အများအားဖြင့် ချက်ပြုတ်ဖွယ် အိုးများကို ရပ်ရွာများတွင် ဝယ်၍ရသော မြေအိုး၊ မြေခွက်များကို သုံး၍ အချို့သည် ဒန်အိုး၊ ဒန်ခွက်များကို အသုံးပြုကြသည်။ ချင်းအမျိုးသားတို့သည် ဇွန်းကို သစ်သားဖြင့် ပြုလုပ်ကြ၍ ပန်းကန်ပြားကိုမူ နှီးဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ ပြုလုပ်သည်။ ဟင်းဇွန်းကြီးများအဖြစ် ဘူးသီးခြောက်များကိုပင် အသုံးပြုသည်။ တောင်ယာသွားရာတွင် ထမင်းဟင်းသယ်ရန် ထမင်းချိုင့်များကိုလည်း သစ်သားဖြင့်ပင် ပြုလုပ်ကြသည်။

 

ပလက်ဝနယ်တွင် ကံမွေး၊ ငှက်ပျောနွယ်၊ ရက်တလံ၊ ပုစွန်နီ၊ အန်ကာနှင့် လင်းကြေ (ဆန်နီ) နှင့် ယောင်ရှားစပါးတို့သည် များစွာထင်ရှားသော ဆပ်ဆန်အမျိုးအစားများ ဖြစ်ကြသည်။ ကံမွေးနှင့် အန်ကာစပါးသည် များစွာအဆင့်အတန်းမြင့်၍ ဥသလင်းချောင်း ဒေသတစ်ဝိုက်တွင် စိုက်ပျိုးသော ယောင်ရှားစပါးမှာ အကောင်းဆုံးဖြစ်ပြီး သလေးစပါးကဲ့သို့ ဖြစ်သည်ဟု ပြောကြသည်။ မီးချောင်းဒေသ တစ်ဝိုက်တွင် ထင်ရှားသော ဆန်များမှာ လိုက်ဗား၊ ရိုက်ခန်း၊ စယောင်၊ အမလိန်တို့ဖြစ်၍ လိုက်ဗားသည် အကောင်းဆုံးဖြစ်သည်။ ပနမ်း (ဂ်) အမျိုးသမီးများမှာ ထမင်းဟင်းချက်ရာတွင် များစွာနာမည်ကြီးကြသည်။ သူတို့သည် ရေအနေအထား၊ မီးအနေအထားနှင့် ဆန် (ထမင်း) အနေအထားကို ကောင်းစွာ အကဲခတ်တတ်ကြသည်။ ဆားသည် မြေပြန့်ဒေသများမှ တင်ပို့ရလေသည်။ ဆီကိုအသုံးနည်း၍ သုံးသည့်အခါတွင်လည်း ဝက်ဆီကိုသာ အသုံးပြုကြသည်။

 

(ဆက်လက်ဖော်ပြပါမည်)