ချင်းတိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာလက်ထပ်ထိမ်းမြားခြင်း ဓလေ့

မင်းလပြည့် (ဟားခါး)

 

၇-၃-၂၀၂၀ ရက်နေ့မှ အဆက်

 

ထိုစေ့စပ်ပွဲတွင်ပင် အသွင်းဖိုးကို သမီးရှင် မိဘများက တောင်းဆိုကြသည်။ အသွင်းဖိုးတောင်းဆိုရာတွင် မျိုးရိုးအလိုက် အောက်ပါအတိုင်း တောင်းဆိုလေ့ရှိကြသည်။ မင်္ဂလာပွဲနေ့ကိုလည်း သတ်မှတ်ကြသည်။ သတ်မှတ်ထားသော မင်္ဂလာပွဲနေ့တွင် သတို့သားဘက်မှ သတို့သမီးအိမ်သို့ လေးဆုပ်ရှိ ဝက်တစ်ကောင် (တတ်နိုင်သူများအတွက် နွားနောက်) ဆပ်ဆန်လေးတောင်း (တင်း)၊ ပြောင်းဆန်ခြောက်တောင်းနှင့် ခေါင်ရည်အိုး ခြောက်လုံးယူသွား၍ သတို့သမီးများကလည်း တတ်နိုင်သလောက်ပါဝင်ပြီး ပထမနေ့ မင်္ဂလာပွဲကို ကျင်းပသည်။

 

ဆွေမျိုးများက လိုက်ပို့

 

ဒုတိယနေ့တွင် သတို့သမီးသည် နှမ်း၊ ဆပ်ဆန်တို့ဖြင့် လုပ်ထားသော မုန့်လုံးကြီး (အလုံး ၁၀၀ မှ ၂၀၀ စသည်ဖြင့် တတ်နိုင်သမျှ) နှင့် ကြက်ဥပြုတ်ပြီးသား (၃၀ဝ မှ ၅၀၀) အပါအဝင် သတို့သမီးမိဘများက လက်ဖွဲ့သော တောင်း၊ ပေါက်တူး၊ စောင်၊ ရက်ကန်း၊ ပတီး၊ လက်ဝတ်လက်စား စသော ပစ္စည်းများ နှင့် သတို့သားအိမ်သို့လာရသည်။ သတို့သမီးအား အပျိုရံများနှင့် ဆွေမျိုးများက လိုက်ပို့ ကြရသည်။

 

သတို့သားအိမ်သို့မရောက်မီ လမ်းတွင် တွေ့သမျှ လူတိုင်းအား ပါလာသောနှမ်းမုန့်လုံး တစ်လုံးစီနှင့် ကြက်ဥတစ်လုံးစီ ပေးကမ်းရသည်။ လမ်းတစ်လျှောက်တွင် “တို့များ သားသမီး အပြည့်အဝ ပစ္စည်းအပြည့်အဝနှင့် လာကြပြီ” စသည်ဖြင့် အော်ဟစ်ကြရသည်။

 

အိမ်ဝင်းဝတံခါးသို့ ရောက်လျှင် သတို့သမီးအား သတို့သား၏အစ်မနှင့် နှမများက ကြိုဆိုလျက် အိမ်တွင်းရှိ မီးဖိုအနီးတွင် အထူးပြင်ဆင်ထားသောနေရာသို့ ခေါ်ဆောင်သွားပြီး ဧည့်ခံရသည်။ သတို့သမီးကလည်း မိမိနှင့်ပါလာသော ခေါင်ရည်။ ကြက်ဥနှင့် အသားများကို သတို့သား၏မိဘ ဆွေမျိုးသားချင်းများအား ကျွေးမွေးရသည်။

 

ဒုတိယနေ့တွင် သတို့သမီးအား ချီးကျူးသောအားဖြင့် သတို့သားအိမ်တွင် တစ်နေကုန် တစ်ညလုံး မင်္ဂလာပွဲပြုလုပ်ကြသည်။

 

တတိယနေ့တွင် သတို့သမီးမိဘများအိမ်၌ စဟောင်းဆပ်ခေါ် ပွဲတစ်မျိုး ကျင်းပရသည်။ ထိုပွဲတွင် သတို့သားဘက်မှ အသွင်းဖိုး ပေးဆောင်ကြရသည်။

 

စေ့စပ်ကြောင်းလမ်းမည့်အကြောင်း နားဖောက်သောညတွင် ခေါင်ရည်အိုးထဲသို့ မီးသွေးခဲနှင့် သက်ငယ်စတစ်ခု ထည့်ထားခဲ့ရာ ခေါင်အိုးဖွင့်သောအချိန်၌ မီးသွေးခဲနှင့် သက်ငယ်စတို့ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေသည်ကိုတွေ့လျှင် ဇနီးမောင်နှံ ရာသက်ပန် မကွဲမကွာ ပေါင်းသင်းနေထိုင်ရမည်ဟု နိမိတ် ဖတ်ကြသည်။ မီးသွေးနှင့် သက်ငယ်စ တခြားစီဖြစ်နေလျှင် လင်ယောက်ျားသည် အစိုးရ အမှုထမ်းဖြစ်မည်။ ဇနီးနှင့် ခွဲခွာ နေရတတ်သည်ဟု နိမိတ်ကောက်ကြသည်။

 

ဖလမ်းနယ်၌ မင်္ဂလာကြေး ပေးသည့်အခါ သတို့သမီး၏ မိဘကိုသာမက ဆွေမျိုးများကိုပါ ပေးရသည်။ မင်္ဂလာကြေးမှာ မိဘ အတန်းအစားကိုလိုက်၍ အနည်းဆုံး နွားနောက်တစ်ကောင်မှ အများဆုံး ခုနစ်ကောင်အထိ ပေးရသည်။ မင်္ဂလာနေ့တွင် သတို့သားသည် သတို့သမီးအိမ်သို့ လေးဆုပ်ရှိသော ဝက်တစ်ကောင်နှင့် ခေါင်ရည်လေးလုံး ယူလာရသည်။ သတို့သမီးဘက်က ယင်းဝက်ကိုသတ်ပြီး ဧည့်ခံသည်။ ဝက်ဖိုးကို တစ်ဝက်စီ ခံရသည်။ ဝက်အပြင် သတို့သမီး ဘက်က ကြက်တစ်ကောင်လည်း သတ်ရသည်။ ခေါင်ရည်လည်း တည်ရသည်။ ခေါင်ရည်ကို သတို့သားက စ၍သောက်ရသည်။ ပြီးမှ သတို့သမီးက သောက်ရသည်။ ပြီးလျှင် ကြက်သတ်သူ သောက်ရ၍ နောက်မှ နှစ်ဖက်ဆွေမျိုးများ ကြီးစဉ်ငယ်လိုက် သောက်ကြရသည်။ ထို့နောက် သတို့သားအိမ်သို့ သတို့သမီး လိုက်သွားရသည်။ သတို့သားအိမ်တွင် တစ်ဖန် ကြက်သတ်ပြီး ခေါင်ရည်သောက်ကြပြန်သည်။ ထိုအခါတွင် သတို့သမီးဘက်က ပထမသောက်ရသည်။ နောက် သတို့သား၊ နောက် ကြက်သတ်သူ၊ နောက်မှ ဆွေမျိုးများ ကြီးစဉ်ငယ်လိုက် သောက်ကြသည်။ နောက်ထပ် ကြက်နှစ်ကောင်ကိုလည်း သတ်၍ သတို့သား၏ အဖော်နှစ်ဦးကို ပေးရသည်။ နောက်တစ်နေ့ နံနက်တွင် သတို့သားဆွေမျိုးများက ခေါင်ရည် တစ်အိုးစီယူလာပြီး သောက်ကြပြန်သည်။ တတိယနေ့အထိ ခေါင်ရည်ပွဲ လုပ်ကြသေးသည်။ ထိုရက်များအတွင်းတွင် ရပ်ရွာရှိ အပျို၊ လူပျိုများ အလုပ်မလုပ်ရချေ။ မင်္ဂလာနေ့တွင် သတ်သောဝက်၏ ခေါင်းကို ကြည့်ပြီး နိမိတ်ဖတ်ကြသည်။ ကြက်ကိုတုတ်ဖြင့် ရိုက်သတ်ရာ ကြက်အသေ၏ ခေါင်းမော့နေ လျှင် မင်္ဂလာရှိသည်။ ခေါင်းအောက်စိုက်နေလျှင် မင်္ဂလာမရှိဟု ယူဆသည်။

 

တာ့ဒို အမျိုးသားတို့၏ ကြောင်းလမ်း စေ့စပ်ပုံမှာ အချင်းများနည်းတူပင် ဖြစ်သည်။ အနည်းဆုံး မင်္ဂလာကြေးမှာ နွားနောက်တစ်ကောင်၊ မောင်းတစ်လုံး၊ ပုတီးတစ်ကုံး၊ ဓားမတစ်ချောင်း၊ ကြွေတစ်စေ့။ ပုဆိန်တစ်လက်၊ ပေါက်တူးတစ်လက်၊ ငွေကျပ် ၄၀ ဖြစ်သည်။ မျိုးနွယ်မတူသူများကို တောင်းရမ်းသော် မင်္ဂလာကြေးပို၍ ယူတတ်သည်။ ရပ်ရွာရှိ အပျို လူပျိုများအား ဝက်တစ်ကောင်သတ်၍ ပေးရသည်။ ဤသို့ ပေးရခြင်းကို မီးငြိမ်းပွဲဟု ခေါ်သည်။ အပျိုမှာသတို့သားနောက်သို့ ပါသွားပြီဖြစ်သဖြင့် ရပ်ရွာရှိ လူပျိုများ ပျင်းကျန်ရစ်တော့မည် ဖြစ်သည်။ မီးဖိုတစ်ဖိုလည်း ငြိမ်းသွားတော့ မည်ဖြစ်သည်။ သို့ဖြစ်၍ မီးငြိမ်းပွဲဟု ခေါ်ဆို ခြင်းဖြစ်သည်။ ဝက်သတ်၍ပေးရခြင်းမှာ ကာလသားများအား ပြုစုပေးကမ်းရသည့် သဘောပင်ဖြစ်သည်။ အပျိုလူပျိုများကလည်း ဝက်တစ်ကောင်ပြန်ပြီး လက်ဆောင်ပေးသည်။

 

သတို့သမီးဘက်ကို အနိုင်ပေး

 

မင်္ဂလာနေ့မွန်းလွဲပိုင်းတွင် အပျိုရံ တစ်ယောက်နှင့်အတူ သတို့သမီးကို သတို့သားအိမ်သို့ ပို့ရသည်။ သတို့သားအိမ်တွင် ဝက်၊ ခေါင်ရည်တို့ဖြင့် ဧည့်ခံပွဲလုပ်ပြန်သည်။ သတို့သမီးကိုပို့ရာတွင် ကာလသား လူပျိုများလည်းပါသည်။ သတို့သားဘက်မှ လူပျိုများကလည်း လာကြိုကြသည်။ သတို့သား၏ ရွာအဝင်ဝသို့ ရောက်သော် သတို့သားဘက်မှ လူပျိုများနှင့် သတို့သမီး ဘက်မှလူများ နပန်းလုံးရသည်။ နပန်းလုံးသည့်အခါ သတို့သမီးဘက်ကို အနိုင်ပေးရသည်။ သတို့သမီး သတို့သားတို့ တစ်ရွာတည်း အတူနေသူများဖြစ်လျှင် ရပ်ကွက်ခွဲ၍ နပန်းလုံးရသည်။ သတို့သမီးကို လိုက်ပို့သူများသည် နပန်းလုံးပြီး ရွာမှ လှည့်ပြန်ရသည်။ မင်္ဂလာပွဲကို ငွေကြေးတတ်နိုင်သလို နှစ်ရက်၊ သုံးရက် စသည်ဖြင့် ပြုလုပ်လေ့ရှိ ကြသည်။ အချို့ ခိုးပြေးပြီးမှ မိဘများနှင့် ပြန်စေ့စပ်ပြီး မင်္ဂလာဆောင်ကြသည်လည်း ရှိကြသည်။ မိဘကျေနပ်ချိန်အထိ စောင့်ပြီး မင်္ဂလာဆောင်ရသည်။

 

မင်းတပ်၊ မတူပီဒေသ၌ သတို့သမီး ပေးရသောအမျိုးနှင့် သတို့သားပေးရသောအမျိုး ဟူ၍ ခွဲခြားသတ်မှတ်ခြင်း ရှိသည်။ သတို့သမီး ပေးရသောအမျိုးကို မင်းတပ်၊ မတူပီဒေသရှိ ချင်းအမျိုးသားတို့က အပူဟုခေါ်ကြ၍ သတို့သားပေးရသောအမျိုးကို အူးပူချင်းများက အကွေ၊ မကန်းချင်းက တူ၊ မတူပီချင်းက အလှော့ စသည်ဖြင့် ခေါ်ကြသည်။

 

သတို့သမီးပေးရသော အမျိုးနှင့် သတို့သား ပေးရသော အမျိုးမှလွဲ၍ အခြားအမျိုးသမီး အမျိုးသားတို့ကို အိမ်ထောင်ဖက်ထိုက်ဟု ယူဆကြသည်။ အူပူချင်းတို့ မင်္ဂလာဆောင်လျှင် သတို့သားဘက်က သတို့သမီးကို သွားရောက် ခေါ်ယူသည့် အခါ သတို့သမီး ဘက်က အိမ်တံခါးများကို ပိတ်ထားပြီး မည်သူမည်ဝါလာကြောင်း သီချင်းသီဆို၍ မေးမြန်းရသည်။ ထိုအခါ သတို့သားဘက်က သတို့သမီးနှင့် အပူအကွေ တော်စပ်ကြောင်း သီချင်းဖြင့် ပြန်လည်ဖြေကြားရသည်။ ထိုကဲ့သို့ မဖြေကြားနိုင်ခဲ့သော် သတို့သားကို လက်မခံပေ။ မင်္ဂလာပွဲကိုလည်း ဖျက်သိမ်းရသည်။

 

အဆိုရှိ

 

သတ်မှတ်ထားသော အမျိုးမှမဟုတ်ဘဲ အခြားသူများနှင့် အိမ်ထောင်ဖက်ခဲ့သော် ရပ်ရွာက ရှုတ်ချသည်။ ရှေးယခင်ကမူ အမျိုး၏ဂုဏ်ကို ထိခိုက်သည်ဟု ယူဆ၍ ဆွေမျိုးများကပင် တာဝန်ယူ၍ စည်းကမ်းဖောက်ဖျက်သူများကို နှိပ်ကွပ်သည်ဟု အဆိုရှိသည်။

 

အမျိုးမှန်၍ အိမ်ထောင်ဖက်နိုင်သော အမျိုးဖြစ်ပါမူ ငယ်ရွယ်စဉ်ကပင် မိဘချင်း ဆွေးနွေး၍ စေ့စပ်ပေးလေ့ရှိသည်။ အူးပူချင်းတို့သည် သမီးမွေးဖွားသော အချိန်တွင် အကွေ့ အမျိုးတော်စပ်သူများ (အိမ်ထောင်ရှိသောအဒေါ်များ)က လာရောက်ကြ၍ သူတို့၏သားများအတွက် သတို့သမီးလောင်း ကလေးကို ကြည့်ရှုကြသည်။ နှစ်ဖက် သဘောတူသော အချိန်အခါတွင် ခေါင်ရည်ပွဲဖြင့် ကတိကဝတ် ပြုကြသည်။ အခြားသော မင်းတပ်၊ မတူပီ ချင်းအမျိုးသားတို့သည်လည်း အများအားဖြင့် မိန်းကလေး အသက် လေး-ငါးနှစ် အရွယ်လောက်တွင် စေ့စပ်ပေး လေ့ရှိကြသည်။ စေ့စပ်သော အချိန်အခါတွင် အမျိုးသားဘက်မှ စတင်၍ နားဖောက်သည်။ နှစ်ဖက်သဘောတူသောအခါ ကတိသစ္စာပြု သောအနေဖြင့် အမျိုးသားဘက်မှ အမျိုးသမီးသို့ လက်စွပ်၊ လက်ကောက်စသော လက်ဆောင်ပစ္စည်းများကို ပေးလေ့ရှိသည်။ မရာအမျိုးသားတို့ စေ့စပ်ကြောင်းလမ်းရာ တွင် အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ ပေးရသော လက်ဆောင်ပစ္စည်းကို အေးကဲ့ နှင့် ချီဖားဟု ခွဲထားသည်။ မရာအမျိုးသားတို့တွင် လူတန်းစားခွဲခြားမှုရှိသဖြင့် လက်ဆောင်ပစ္စည်းကိုလည်း ခွဲခြားခြင်းဖြစ်သည်။ အကြောင်းမသင့်၍ အိမ်ထောင်မဖက်ခဲ့သော် အမျိုးသားဘက်မှ ပေးထားသော လက်ဆောင်ပစ္စည်းများကို အမျိုးသမီးဘက်မှ ပြန်လည်ပေးဆပ်ရန် မလိုပေ။ အမျိုးသား ဘက်မှသာလျှင် ပစ္စည်းအဆုံးခံရသည်။ စေ့စပ်သောအချိန်အခါတွင် လက်ဆောင်ပစ္စည်း မပေးခဲ့ပါမူ စေ့စပ်ကြောင်းလမ်းခြင်း ပျက်သောအခါ အမျိုးသားဘက်က အမျိုးသမီးဘက်သို့ လျော်ကြေးပေးရသည်။ ပုံစံအားဖြင့် မကန်းချင်းတို့သည် လျော်ကြေးအဖြစ် နွားနောက်တစ်ကောင် ပေးရသည်။ ထိုကဲ့သို့ အမျိုးသားဘက်မှ ပစ္စည်းအဆုံးခံရခြင်း သို့မဟုတ် လျော်ကြေးပေးရခြင်း အကြောင်းမှာ နှစ်ဖက် စေ့စပ်ကြောင်းလမ်းရာတွင် အမျိုးသားဘက်မှသာ စကားစတင် ကမ်းလှမ်းခြင်း၊ မိမိသဘောကျသူ အမျိုးသမီးကို ရွေးချယ်ခွင့် ရရှိခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသားဘက်ကသာလျှင် စေ့စပ်ကြောင်းလမ်းခြင်း၏ အောင်မြင်မှု၊ မအောင်မြင်မှုအတွက် တာဝန်ခံရမည်ဟု မင်းတပ်၊ မတူပီ ချင်းတို့က ယူဆကြသည်။

 

လျော်ကြေးပေးရ

 

နောက်တစ်ကြောင်းမှာလည်း စေ့စပ်ကြောင်းလမ်းမှု ပျက်စီးသွားလျှင် အမျိုးသမီးသည် အမျိုးသားထက်ပို၍ နှစ်နာသည်ဟု ယူဆကြခြင်းလည်းရှိသည်။ ထိုကြောင့် စေ့စပ်ထားသူက အိမ်ထောင်ဖက်မပြုဘဲ စကားဖျက်လိုက်လျှင် အမျိုးသမီးများသာ နစ်နာဆုံးရှုံးကြရသဖြင့် အမျိုးသားဘက်က လျော်ကြေးပေးရခြင်း သို့မဟုတ် ပစ္စည်း အဆုံးခံရခြင်းပင်ဖြစ်ပေသည်။

 

စေ့စပ်ကြောင်းလမ်းခြင်း တည်တံ့ပါမူ အမျိုးသမီးနှင့် အမျိုးသားတို့ အရွယ်ရောက်လာသောအချိန်တွင် ထိမ်းမြားမင်္ဂလာပွဲ ကျင်းပသည်။ မင်္ဂလာကြေးကိစ္စကို နှစ်ဖက်ကျေလည်အောင် ဆွေးနွေးပြီး သတို့သား ဘက်မှပေးရမည့် ပစ္စည်းများကို သတို့သမီးအိမ်သို့ သွားရောက်ပို့ဆောင်ရသည်။ ထို့နောက် သတို့သမီးကို ခေါ်ခဲ့နိုင်သည်။

 

ဒူးပူအမျိုးသားတို့ မင်္ဂလာဆောင်ရာတွင် သတို့သားနှင့် သတို့သား၏ ဆွေမျိုးများသည် အကွေးပိုးခေါ် သတို့သားဒိုင်ကိုခေါ်၍ သတ်မှတ်သောနေ့ရက်တွင် သတို့သမီးအိမ် သို့ သွားကြရသည်။

 

(ဆက်လက်ဖော်ပြပါမည်)