ချင်းတောင်တန်းပေါ်က ရွှေကြာပန်းတစ်ပွင့် (သို့မဟုတ်) ဆူရ်ဘုန်လေယာဉ်ကွင်း

(မတ် ၁၄ ရက်မှအဆက်)

 

ဆလိုင်းဒေးဗစ်

 

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခု နှင့် ပြည်တွင်းလေဆိပ် ၃၁ ခုတို့ရှိပြီး ချင်းပြည်နယ်ကဲ့သို့ တောင်တန်းထူထပ်သော နေရာတွင် လေယာဉ်ကွင်း တည်ဆောက်ပါက များစွာ ကောင်းကျိုးဖြစ်ထွန်း၍ ဒေသခံပြည်သူများနှင့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ ယခုအခါ ဆူရ်ဘုန်တောင် (မိုးခေါ်တောင်) တွင် လေဆိပ်ဆောက်လုပ် လျက်ရှိသည်မှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၏ ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ဖြစ်ပါသည်။

 

လေကြောင်းကို အဓိကအားထား         

 

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း ပြည်ပခရီးသည် ၆၉၁၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသည် ၁၃၅၀၆ ဦး၊ ၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသည် ၅၉၂၆၈ ဦး၊ ၂၀၁၉ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသည် ၃၃၇၇၉ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယခုအခါ အသက်ရှည် ကျန်းမာလိုသူတိုင်းက ချင်းပြည်နယ် သို့ လျင်မြန်စွာလာရောက်ရန် ဆန္ဒပြင်းပြနေကြသည်။

 

တောင်ဇလပ်ပန်းနီနီ၊ ခေါင်ရည်ချိုမြမြနှင့် သန့်ရှင်း လတ်ဆတ်သော ဒေသအစားအစာ ဆာဘူသီး(ပြောင်းနှင့် အသားစွပ်ပြုတ်)ကို စားလိုကြသည်။ ချင်းပြည်နယ်သို့ မရောက်ဖူးလျှင် ဘဝ၌ လိုအင်ဆန္ဒမပြည့်စုံ၊ လိုအပ်ချက် တစ်စုံတစ်ခုရှိနေသကဲ့သို့ ခံစားနေရမည်ဖြစ်ပါသည်။

 

သို့သော် ကားလမ်းခရီးက မောင်းနှင်သွားရ၍ လူပင်ပန်း သည်။ အချိန်ကြာမြင့်သည်။ လေယာဉ်ဖြင့်သွားလာပါက အမြန် (သို့မဟုတ်) အချိန်မီရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းက တစ်နိုင်ငံနှင့် တစ်နိုင်ငံသို့ လေကြောင်းကို အဓိကအားထား၍ သွားလာကြပါသည်။

 

ပထမအဆင့် တည်ဆောက်ရေး

 

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်သစ် ပထမအဆင့် တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး တာဝန်ခံမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးဖြစ်ပါသည်။ ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြာ တွင်တည်ရှိပြီး ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာတွင် ရှိပါသည်။ ဦးတည်ရာ (၁၈၀/၃၆၀)ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ ရှိပါသည်။ လေယာဉ်ပြေးလမ်းအလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ ပြေးလမ်းအမျိုးအစား Flexible Pavement၊ ပြေးလမ်းအရှိသတ်စွန်း အလျား ပေ၂၀၀၊ အကျယ်ပေ ၁၀၀၊ လေယာဉ် ရပ်နားရာ နေရာအကျယ်အဝန်းမှာ အလျား ပေ ၂၅၀၊ ( အကျယ် ပေ ၂၅၀၊ ပြေးလမ်းခံနိုင်ရည်အား ပေါင် ၅၀၆၀၀ ဖြစ်ပြီး ဆင်းသက်အသုံးပြုနိုင်မည့် လေယာဉ်အမျိုးအစားမှာ ATR 72-500/ 600 ဖြစ်ပါသည်။

 

လေဆိပ်အဆောက်အဦမှာ (၁၅၆ x ၈၄) ပေတစ်ထပ်ခွဲ အဆောက်အဦဖြစ်ပါသည်။ လေကြောင်းထိန်း မျှော်စင် အမြင့် ပေ ၆၀၊ (၄၈ x ၃၄) ပေ မီးသတ်အဆောက်အဦ တွဲလျက်ရှိပါသည်။ စီမံကိန်း ပထမအဆင့် ပြီးစီးမည့်ခုနှစ် မှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ စီမံကိန်း ပထမအဆင့်ပြီးစီးမှုမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန် အထိ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိပါသည်။

 

ယခုအခါ လေယာဉ်ကွင်းတည်ဆောက်မှုမှာ ပထမ အဆင့် စီမံကိန်းသာဖြစ်သော်လည်း တာဝန်ရှိ ဝန်ထမ်းများ၏ နေ့စဉ်အားကြိုးမာန်တက် ဆောင်ရွက်မှုကြောင့် လျင်မြန်စွာ ပြီးစီးတော့မည်ဖြစ်ပါသည်။ သို့ဆိုလျှင် တောင်ပေါ်မြေပြန့် သွေးချင်းညီအစ်ကိုများအားလုံး ချင်းပြည်နယ်သို့ လာရောက်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုအားကောင်းလာမည်ဖြစ်သကဲ့သို့ ပြည်နယ် ဖွံ့ဖြိုးမှုအား ပိုမိုအရှိန်တိုးမြှင့်ရရှိလာမည်မှာ သေချာပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုတိုးတက်ရောက်ရှိလာ ကြမည်မှာ အမှန်ဖြစ်ပါသည်။ ယခင်ကချင်းတိုင်းရင်းသားတို့ မမျှော်လင့်ခဲ့သော ဆူရ်ဘုန်လေယာဉ်ကွင်း ပေါ်ပေါက်လာခြင်းသည် ချင်းတောင်တန်းပေါ်ရှိ ရိဒ်ရေကန်၊ အူကြည်ရေကန်တွင် ရွှေကြာပန်းပေါက်သကဲ့သို့ ထူးခြား သစ်လွင်လှသော မင်္ဂလာတစ်ခုပင် ဖြစ်ပါသည်။

 

ချင်းတိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေသော ဆူရ်ဘုန်လေယာဉ်ကွင်းကြီး အမြန်ပြီးမြောက်ပါက မြန်မာနိုင်ငံအနှံ့၊ ကမ္ဘာအနှံ့ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသား ညီအစ်ကိုများအားလုံးက မျှော်လင့်တောင့်တလျက်ရှိသော ချင်းပြည်နယ်ရှိ ပထမဆုံးလေယာဉ်ကွင်း ပေါ်ပေါက်လာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ဖြူစင်သောစေတနာ၊ ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှတ် တိုင်တစ်ခုအဖြစ် လေယာဉ်ကွင်းအသစ်တစ်ခုလည်း မကြာမီပေါ်ထွက်လာတော့မည်မှာ မုချဧကန်ပင် ဖြစ်ပါတော့သည်။

 

ကြေးမုံ