ချင်းလူမျိုးအဆိုတော် ၁၈ ဦးက ချင်းဘာသာစကား (၇)မျိုးဖြင့် သီဆိုထားသည့် Chin United အမည်ရှိ သီချင်းအယ်လ်ဘမ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထွက်ရှိမည်

ကလေး၊ ၂၁ ဇန်နဝါရီ  

ချင်းတစ်မျိုးသားလုံး ပေါင်းစည်းနိုင်ရန်ရည်ရွယ်၍ ချင်းလူမျိုးအဆိုတော်(၁၈)ဦးက ချင်းဘာသာစကား (၇)မျိုးဖြင့် သီဆိုထားသည့် Chin United အမည်ရှိ သီချင်းအယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂၀ရက် ချင်းအမျိုး သားနေ့တွင် joox Music၊ Amazon Music၊ ITunes Spotify တို့မှတစ်ဆင့် စတင်ဝယ်ယူနားဆင်နိုင် မည်ဖြစ်ကြောင်း သိရသည်။

“အရင်ကတော့ ရှိူးပွဲနဲ့ပြုလုပ်ဖို့စီစဉ်ထားတာ အခုလို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေတွေကြောင့် alblum အနေနဲ့ပဲ လုပ်ဖြစ်ပါတယ်၊ ဒီသီချင်း အယ်လ်ဘမ်ထဲမှာ သီချင်း(၁၃)ပုဒ်ပါပြီးတော့ ဇိုမီး၊ မီဇိုး၊ဟားခါး၊ ဖလမ်း၊  ပလက်ဝ၊ မတူပီ၊ မင်းတပ် အစရှိတဲ့ ချင်းဘာသာစကားတွေနဲ့ သီဆိုထားပြီး နောက်ဆုံးတစ်ပုဒ်ကိုတော့ ဗမာစကားနဲ့စုပေါင်းပြီးတော့ ဆိုထားပါတယ်”ဟု စီစဉ်သူ ကို JK GINPI က ပြောသည်။

“သီချင်းတွေက အကုန်လုံးအသစ်တွေပါ၊ ကော်ပီဆိုထားတာလည်း မပါရှိတဲ့အတွက် ပရိသတ်တွေ နှစ်သက် သဘောကျလိမ့်မယ်လို့ ထင်ပါတယ်၊ သီချင်းထွက်တဲ့ချိန်မှာလည်း မူရင်းသီချင်းလင့်ကိုပဲ Share စေချင်တယ်”ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ CHIN United အမည်ရှိသီချင်း အယ်လ်ဘမ် ရောင်းချမှုမှရရှိသည့် အကျိုးအမြတ်များကို ပလက်ဝ စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)