ခါးနာလွန်းနေတယ် ဘယ်လိုလုပ်ရမလဲ

၁၁  နိုဝင်ဘာ

 

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ ဒီခါးနာတဲ့ ပြဿနာကို ခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင်ဆိုရင် သက်သာအောင် ဘယ်လိုလုပ်ကြမလဲ။

 

အိပ်တဲ့ ပုံစံကို သတိထားပါ။

 

ခါးနာနေတော့ ထိုင်လို့အဆင်မပြေ။ အဲတော့ လှဲအိပ်။ လှဲအိပ်တော့ ခါးပိုနာနဲ့ သံသရာလည်နေ တတ်ပါတယ်။ ဒါပေမယ့် မအိပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ဘေးစောင်းလှဲအိပ်ပြီး ဒူးခေါင်းကြားထဲ ခေါင်းအုံးလေးညှပ်ထားပါ။ ပက်လက်အိပ်မယ်ဆိုရင်တော့ ဒူးခေါင်းအောက် ခေါင်းအုံးခံထားတဲ့ အနေအထားမျိုးနဲ့ အိပ်စက်ပါ။ ဒါဆိုရင် ခါးနာတဲ့ဝေဒနာလည်း သက်သာသွားသလိုနောက်ထပ်ခါးနာမယ့် အဖြစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။

 

ထိုင်တဲ့အချိန်ကလည်း အရေးကြီးပါတယ်။

 

ခါးကိုဆန့်ထားပြီး မတ်မတ်အနေအထားနဲ့ မထိုင်ဘဲ ပျင်းရိပျင်းတွဲနဲ့ လျှောထိုင်ရင် ခါးပိုနာပါလိမ့်မယ်။ ဒီတော့ ခါးကိုမတ်မတ်ဆန့် နောက်ကျောထိုင်ခုံကိုမီတဲ့ အနေအထားနဲ့ထိုင်ပါ။ ထိုင်ခုံနဲ့ခါးကြားထဲ ခေါင်အုံးလေးခံထားပြီး ထိုင်လို့လည်း ရပါတယ်။

 

လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားသလို ညက်နေတဲ့ အကြောတွေလည်း လွတ်သွားနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း ပြင်းထန်ရင် ခါးပိုနာသွားတတ်တာကိုတော့ သတိထားစေချင်ပါတယ်။

 

တစ်ချိန်လုံးချည်း အိပ်ရာပေါ် လှဲမနေပါနဲ့။

 

ခါးနာတဲ့အခါ အိပ်ရာပေါ် လှဲအိပ်နေရတာ သက်သာသယောင်ရှိပေယ့် လှဲနေတဲ့အနေအထားက ခါးကို ပိုပြီး အားပြုသလိုဖြစ်သွားတာကြောင့် တစ်ချိန်လုံး အိပ်ရာပေါ်မှာလှဲနေမယ့်အစား ရေကူးတာ၊ လမ်းလျှောက်တာ၊ ယောဂ ကစားတာတို့ လုပ်ပေးပါ။

 

နာနေတဲ့နေရာကို ရေခဲကပ်ပါ။ ရေနွေးကပ်ပါ။

 

နာပြီးရောင်နေတဲ့ ခါးနေရာကို အရောင်ကျအောင်လို့ ရေခဲကပ်တာ (ဒါမှမဟုတ်) ရေနွေးအိတ် ကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။

 

နှိပ်နယ်ပေးလို့လည်း ရပါတယ်။

 

တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားစေဖို့၊ ညှပ်နေတဲ့အကြောတွေ လွတ်သွားစေဖို့ ခါးကို နှိပ်ပေးလို့ရပါတယ်။ တစ်ခုရှိတာက အကြောပိုင်းဆိုင်ရာ တကယ်လို ကျွမ်းကျင်တဲ့ ဆရာနဲ့ နှိပ်ဖြစ်ဖို့လိုပါတယ်။

 

ဆေးသောက်လို့ရပါတယ်။

ခါးနာတာကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတွေ ဆရာဝန်နဲပတိုင်ပင်ပြီး ဝယ်သောက်လို့ ရပါတယ်။ ဒါပေမယ့် ဆေးတစ်ခုတည်းကို အားကိုးလို့တော့ မရပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်တာများရင် အစာအိမ်ရောဂါတွေ ဖြစ်တတ်သေးတာကြောင့်ပါ။ ဒါ့ကြောင့် ဆေးလေးလည်း သောက် လေ့ကျင့်ခန်းလေးလည်း လုပ်ပါ။

 

ခါးဆစ်ရိုးထဲ ဆေးရည်ထိုးလို့ရပါတယ်။

 

ဒါကလည်း အသုံးများတဲ့ ဆေးနည်းတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေ သက်သာစေဖို့ ခါးဆစ်ရိုးထဲ စတီးရွိုက် ဆေးတစ်မျိုးထိုးသွင်းတဲ့နည်းပါ။ ဒါကိုတော့ ကိုယ့်ခါးနာတဲ့ ပြင်းထန်ခြင်းပေါ်မှာ မူတည်ပြီး ဆရာဝန်က ထိုးသင့်မထိုးသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

 

ခွဲစိတ်ခြင်း။

 

ခါးဆစ်ရိုးကျွံပြီး အကြောပေါ် သွားဖိနေတဲ့ ခါးနာတဲ့ ပြဿနာမျိုးတွေမှာဆိုရင် တော့ ကျွံနေတဲ့ ခါးဆစ်ရိုးကို ပြန်ပြုပြင်ဖို့ ခွဲစိတ်မှုတွေ လုပ်ရတတ်ပါတယ်။

 

ဒါတွေကတော့ ခါးနာတာကို သက်သာစေဖို့အတွက် လုပ်လို့ရတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာအကောင်းဆုံး ဖြစ်တာကြောင့် ပုံစံတကျ ထိုင်တာ၊ အိပ်စက်တာ၊ နည်းလမ်းမှန်မှန် အလေးအပင်မတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာတွေနဲ့ ခါးနာတာကို ကြိုတင်ကာကွယ်လို့ရပါတယ် ။ ။

 

ရေးသားသူ -Dr. Thin Yadanar @ Frances

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”