ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ် နမ့်စန်ခရိုင် နမ့်စန်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၃၀၇၅၅ ဧကရှိသောနယ်မြေကို “ခိုလမ်ကြိုးပြင်ကာကွယ်တော”အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)မှစ၍ သတ်မှတ်လိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေ၊ မြေထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုကောင်းမွန် မျှတလာစေရန်၊ သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး ပြုစုထိန်းသိမ်းရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေများတွင် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းလာနိုင်ခြင်းဖြင့် သစ်တောနယ်မြေများတိုးပွားလာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်ပါသည်။
ခိုလမ်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော အင်ကြင်း၊ ထင်းရှူး၊ သစ်ယား၊ ထောက်ကြံ့၊ ယမနေ၊ သစ်မန် ကျည်း၊ သစ်နီ၊ ရင်းစပ်၊ သစ်စေး၊ ဆီးဖြူ၊ ကြို့၊ ရင်းတိုက်၊ လက်ပံနှင့် မျှင်ဝါးတောများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဝက်ဝံ၊ ယုန်၊ တောဝက်၊ ဂျီ(ချေ)၊ တောကြောင်၊ ကြက်တူရွေး၊ ဗျိုင်းငှက်များ၏ နေရင်းဒေသများထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတတ်မှု အထောက်အကူပြု နိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


