ခေတ်မီဥပဒေအရာရှိ သို့မဟုတ် S.M.A.R.T Law Officer

ဒေါက်တာချိုငယ်ငယ်သိန်း

 

ဥပဒေတစ်ရပ်၏ တန်ဖိုးသည်ဥပဒေကို ပြဋ္ဌာန်းခြင်းတစ်ခုတည်းဖြင့် ပြီးပြည့်စုံခြင်းမဟုတ်ဘဲ ယင်းဥပဒေကို မှန်ကန်စွာနားလည်သဘောပေါက်ခြင်း၊ မျှတစွာအကောင်အထည်ဖော်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက်ထိရောက်စွာ ကျင့်သုံးဆောင်ရွက်ခြင်းတို့အပေါ်တွင်တည်မှီနေပါသည်။ ထိုလုပ်ငန်းစဉ်တွင် ဥပဒေအရာရှိ(Law Officer) တစ်ဦး၏ အသိပညာ၊ အရည်အချင်း၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားတို့သည်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။

 

ယနေ့ခေတ် ဥပဒေရေးရာနယ်ပယ်တွင် ဥပဒေများကို သိရှိနားလည်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိရုံ သာမကအခြေအနေ၊ အချိန်အခါအလိုက်မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း၊ ပြောင်းလဲလာသော နည်းပညာနှင့် လုပ်ငန်းပတ်ဝန်းကျင်ကို လိုက်လျောညီထွေစွာ ဖြေရှင်းနိုင်ခြင်း၊ ပြည်သူ့အကျိုးစီးပွားကို ရှေးရှုသောတရားမျှတမှုကို အလေးထားခြင်းတို့သည်လည်း လိုအပ်ပါသည်။

 

ထိုသို့သော အရည်အချင်းများကို ပေါင်းစပ်ထားပြီး အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိတစ်ဦး ကို "S.M.A.R.T Law Officer"ဟူသော စကားရပ်ဖြင့် တင်စားဖော်ညွှန်းလိုပါသည်။ နိုင်ငံတော်၏ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်ဆောင်ရွက်နေကြသည့် ဥပဒေအရာရှိများ၏ အခန်း ကဏ္ဍသည် ပိုမိုကျယ်ပြန့်စွာ အရေးပါလာသည့်အလျောက် လုပ်ထုံးလုပ်နည်းများအရပုံမှန်သမား ရိုးကျ ဆောင်ရွက်သည့် ဥပဒေအရာရှိများထက် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ပြီး ထိရောက်ထက်မြက်သည့် "S.M.A.R.T Law Officer" များအဖြစ် ထိန်းကျောင်းပျိုးထောင်ရန် လိုအပ်လျက်ရှိပါသည်။

 

"S.M.A.R.T"ဟူသည့် ဝေါဟာရ၏ အဓိပ္ပာယ်ကို "S.M.A.R.T" ဟူ၍လည်းကောင်း၊ "Smart"ဟူ၍ လည်းကောင်း အသုံးအနှုန်းများအား လေ့လာတင်ပြလိုပါသည်။

 

"S.M.A.R.T" စကားလုံးကို စာလုံးတစ်လုံးစီ အလိုက် ရည်ညွှန်းဖော်ပြရှင်းလင်းခြင်း

 

ယခုဆောင်းပါး၌ အဘိဓာန်များ၏ ဖွင့်ဆိုချက် များသာမက "S.M.A.R.T" ဟူသည့် စကားလုံး၏ အက္ခရာတစ်လုံးစီတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်အကောင်အထည်ဖော် ဆောင်ရွက်ချက်များအရ ဥပဒေအရာရှိတစ်ဦး ရှိသင့်ရှိထိုက်သည့်၊ ပြည့်စုံရန်လိုအပ်မည့် အရည်အသွေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြလိုက်ရပါသည်။

 

ပထမဆုံးအနေဖြင့် S စာလုံးကို Subject Matter Mastery (အကြောင်းအရာနှင့် ဥပဒေဆိုင်ရာ ကျွမ်းကျင်မှု) ဟုသတ်မှတ်ပါမည်။ ဥပဒေအရာရှိ တစ်ဦးသည် မိမိကိုင်တွယ်ရသည့်အမှု၏ အကြောင်း အရာအချက်အလက်များ(Subject)၊သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်း များကို ကျွမ်းကျင်သိရှိထားရမည်ဖြစ်ပါသည်။ ဥပဒေအရာရှိ တစ်ဦးသည် ရာဇဝတ်ဥပဒေ၊ တရားမဥပဒေ၊ အထူးဥပဒေများအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နည်းပညာဆိုင်ရာ ဥပဒေများ၊ ခေတ်ပေါ်ဥပဒေများအထိ သက်ဆိုင်ရာ Subject-matter အလိုက် အထူးပြုကျွမ်းကျင်မှုရှိရပါမည်။ ရှုပ်ထွေးသော အမှုဖြစ်စဉ်များနှင့် ဥပဒေအကြံတောင်းခံမှုများ၊ မေးမြန်းမှုများကို တိကျ မှန်ကန်စွာ သုံးသပ်အကြံပြုနိုင်ရန် ဘာသာရပ် အကြောင်းအရာအလိုက် ကျွမ်းကျင်နားလည်မှုရှိရေး သည် အထူးအရေးကြီးပါသည်။

 

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေရုံး အဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၏ ဘာသာရပ် ကျွမ်းကျင် မှုရှိစေရန် အထူးမွမ်းမံသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဘာသာရပ်အလိုက် သင်တန်းများနှင့်ဆွေးနွေး ပွဲများကျင်းပခြင်း၊ သုတေသနစာတမ်းများ ပြုစုရေးသားစေခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။

 

ဒုတိယစာလုံးဖြစ်သည့် M ကို Manner & Professional Conduct (အပြုအမူနှင့် ကျင့်ဝတ် သိက္ခာ)ဟု သတ်မှတ်ပါမည်။ ဥပဒေအရာရှိတစ်ဦးသည် တရားခွင်အတွင်း၌လည်းကောင်း၊ ပြည်သူနှင့် ဆက်ဆံရာ၌လည်းကောင်း သပ်ရပ်သန့်ရှင်းသော ဝတ်စားဆင်ယင်မှု၊ ခန့်ညားသောအမူအရာ၊ သမာ သမတ်ကျသော ကျင့်ဝတ်နှင့် စည်းကမ်းတကျရှိသော အပြုအမူတို့ကို စံနမူနာပြထိန်းသိမ်းရမည် ဖြစ်ပါသည်။ ဥပဒေအရာရှိတစ်ဦးတွင် ဥပဒေ ကျွမ်းကျင်ရုံမျှမကဘဲ ပြည်သူများနှင့် အစိုးရဌာန များ၊ အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် ယဉ်ကျေး ပျူငှာသောကျင့်ကြံပြုမူပုံရှိရပါမည်။ ထို့အပြင် ကိုယ်ကျင့်တရားခိုင်မာမှု၊ ရိုးသားဖြောင့်မတ်မှု၊ လာဘ်ပေးလာဘ်ယူရှောင်ရှားနိုင်မှုတို့သည် ဥပဒေ အရာရှိတစ်ဦး၏ တန်ဖိုးများဖြစ်ပါသည်။ ဥပဒေအရာရှိ ကျင့်ဝတ်ပါအခြေခံမူများအတိုင်းခိုင်မာစွာ ရပ်တည်သည့် အပြုသဘောဆောင်သော စိတ်ဓာတ်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ယှဉ်တွဲရှိရန် လိုအပ်ပါသည်။

 

ယင်းအတွက်ကြောင့် ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေအရာရှိကျင့်ဝတ်ကို ၂၀၁၇ ခုနှစ် ကတည်းကပင် ရေးဆွဲပြဋ္ဌာန်းထားပြီး ဥပဒေရုံး အဆင့်ဆင့်ရှိ ဥပဒေအရာရှိများအားလုံး ဥပဒေအရာရှိ ကျင့်ဝတ်ကို သိရှိနားလည်၍ လေးစားလိုက်နာဆောင်ရွက်မှု အားကောင်းစေရန်ဆွေးနွေးပွဲများ ကျင်းပခြင်း၊ သင်တန်းများပေးခြင်း၊ တွေ့ဆုံမေးမြန်း မှုများပြုခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

တတိယမြောက်စာလုံးဖြစ်သည့် A ကို Advocacy (ဥပဒေကြောင်းအရ ခုခံကာကွယ်သောစွမ်းရည်) ဟု ရည်ညွှန်းပါမည်။ Advocacy သည် အထူးသဖြင့် တရားရုံး သို့မဟုတ် ဥပဒေရေးရာလုပ်ငန်းစဉ်များ တွင် အကျိုးစီးပွားတစ်ရပ်ကို ဥပဒေနှင့်အညီ ထိရောက်စွာ ကိုယ်စားပြုတင်ပြခြင်းနှင့် ဆက်စပ်ပါ သည်။ ထို့ကြောင့် Advocacy ကို ဥပဒေအရာရှိတိုင်း၏ လုပ်ငန်းတာဝန်နှင့်ကိုက်ညီသည့် အရည်အချင်းတစ်ရပ်အဖြစ် ရှိထားရမည့်အရာဟု ဖော်ပြလိုပါ သည်။

 

ဥပဒေအရာရှိတစ်ဦးသည် တရားရုံး၌အမှုလိုက်ပါ လျှောက်လဲရာတွင်လည်းကောင်း၊ အစိုးရ ဌာနများနှင့် အများပြည်သူအား ဥပဒေအကြံဉာဏ် ပေးရာတွင်လည်းကောင်း တိကျခိုင်မာစွာ ထုချေ လျှောက်လဲနိုင်သည့် စွမ်းရည်ရှိရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ဥပဒေရေးရာဝန်ကြီး ဌာနသည် ၂၀၂၄ ခုနှစ်တွင် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (Legal Advocacy Center) ကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဥပဒေအရာရှိများ၏ အမှုလိုက်ပါဆောင်ရွက်သည့် အရည်အသွေးနှင့် စွမ်းရည်များ ပိုမိုထက်မြက်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပါသည်။

 

စတုတ္ထမြောက် စာလုံးဖြစ်သည့် R ကို (Regu-lation and Responsibility) (စည်းမျဉ်းဥပဒေများကို လိုက်နာကျင့်သုံးမှုနှင့် တာဝန်ယူမှု) ဟု ဖော်ပြလိုပါသည်။ ဥပဒေအရာရှိတစ်ဦးသည် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း များကို မှန်ကန်စွာ လိုက်နာကျင့်သုံးရန် လိုအပ်ပါ သည်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများကို သိရှိ ရုံသာမက ယင်းတို့၏ ရည်ရွယ်ချက်၊ ကန့်သတ်ချက် များကိုလည်း သိရှိထားရမည်ဖြစ်ပါသည်။ ဌာန ဆိုင်ရာများမှပေးပို့လာသော ဥပဒေ၊ နည်းဥပဒေများ၊ စာချုပ်စာတမ်းများနှင့် မူဝါဒများကို မှန်ကန်စွာ စိစစ်၍ လုပ်ငန်းများကို တိကျစွာ ဆောင်ရွက်နိုင် ရမည်ဖြစ်သကဲ့သို့ ဥပဒေများ ပြင်ဆင်ပြောင်းလဲ လာမှု၊ သက်ဆိုင်ရာ စီရင်ထုံးများနှင့် ဥပဒေရေးရာ အယူအဆသစ်များကို အမြဲမပြတ်လေ့လာ သုတေသနပြုခြင်းဖြင့် မိမိ၏အရည်အချင်းကို တိုးတက်စေရမည်ဖြစ်ပါသည်။ မိမိ၏ အကြံပြုချက်၊ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များအတွက် တာဝန်ယူခြင်း၊ မှားယွင်းမှုရှိပါက တာဝန်ခံပြင်ဆင်ခြင်းတို့သည်လည်း တာဝန်သိသော ဥပဒေအရာရှိ တစ်ဦး၏ အရည်အချင်းများအဖြစ် မရှိမဖြစ်လိုအပ် မည်ဖြစ်ပါသည်။

 

နောက်ဆုံးစာလုံးဖြစ်သည့် T သည် Technology Literacy & Timeliness (နည်းပညာနားလည် တတ်မြောက်မှုနှင့်အချိန်မီဆောင်ရွက်နိုင်မှု) တို့အဖြစ်ဖော်ပြသတ်မှတ်ပါမည်။ ယနေ့ဒစ်ဂျစ်တယ် ခေတ်တွင် ဥပဒေအရာရှိတစ်ဦးသည် ရုံးလုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်များတွင် နည်းပညာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင် သည့် နည်းပညာနားလည် တတ်မြောက်မှုရှိရပါ မည်။ ထို့ပြင် "Justice delayed is justice denied" “တရားမျှတမှုကို ကြန့်ကြာစေခြင်းသည် တရားမျှတမှုကို ငြင်းပယ်ခြင်းနှင့်တူသည်”ဟူသည့် ဆိုရိုးအတိုင်း ပြည်သူ များနှင့် အစိုးရဌာနများ၏ ဥပဒေရေးရာကိစ္စရပ်များကို နည်းပညာအသုံးပြု၍ ကြန့်ကြာမှု မရှိဘဲ အချိန်မီထိရောက်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။

 

အမှုများကို စနစ်တကျစီမံခန့်ခွဲခြင်း၊ ဥပဒေသတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသော အွန်လိုင်းအရင်းအမြစ်များမှ ရှာဖွေခြင်း၊ ရုံးလုပ်ငန်းများတွင် နည်းပညာအသုံးပြုဆောင်ရွက် ခြင်းတို့သည်လုပ်ငန်းထိရောက်မြန်ဆန်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ပါသည်။ သက်ဆိုင်ရာဌာနများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် e-Government system ဖြင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ ရှင်းလင်းတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များကို နည်းပညာအသုံးပြု၍ စနစ်တကျမှတ်တမ်း တင်ထားရှိခြင်းတို့သည် အဖွဲ့အစည်းအတွင်း လုပ်ငန်းများ အောင်မြင်ပြီးမြောက်စေပြီးယုံကြည်မှုကို တိုးပွားစေပါသည်။

 

ဥပဒေရေးရာဝန်ကြီးဌာနသည် ယင်းအချက်ကို အလေးပေး၍ နိုင်ငံတစ်ဝန်းတွင် စံပြဥပဒေရုံးများ တည်ထောင်ခဲ့ပါသည်။ နစ်နာသူသက်သေများကို တရားမျှတမှုရရှိစေရန် ကူညီဆောင်ရွက် ပေးရာတွင် လုပ်ငန်းများ သွက်လက်မြန်ဆန်စေရေးနှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် လျင်မြန်ချော မွေ့စွာပူးပေါင်း ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ စံပြဥပဒေ ရုံးများက ဆောင်ရွက်လျက်ရှိကြပါသည်။

 

ဥပဒေသတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသော အွန်လိုင်းအရင်းအမြစ်များမှရှာဖွေ ခြင်းအတွက် ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသတင်းအချက်အလက်ရယူနိုင်သည့် အရှေ့တောင်အာရှတွင် တစ်ခုတည်းသောဥပဒေဆိုင်ရာ Website ဖြစ်သည့် Myanmar Law Information System (MLIS)ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်တည်ထောင်ထားပြီး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ MLIS သည် မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံတကာစာချုပ်များကို မြန်မာ+အင်္ဂလိပ်နှစ်ဘာသာဖြင့် အခမဲ့ရယူလေ့လာနိုင်သည့် ဥပဒေဆိုင်ရာ Website ဖြစ်ပါသည်။ MLIS Website ကိုအမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ထားသဖြင့် ဥပဒေအရာရှိများသာမက ဥပဒေနယ်ပယ်မှပုဂ္ဂိုလ်များ၊ ဥပဒေလေ့လာသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ပြည်သူများအနေဖြင့် အချိန် နေရာမရွေးလေ့လာနေကြပြီဖြစ်ပါသည်။

 

ထို့ပြင် ယနေ့အချိန်အခါ၌ AI နည်းပညာ အလွန် ခေတ်စားလာပြီး အသုံးပြုမှု များပြားလာသဖြင့် ဥပဒေရေးရာဝန်ကြီးဌာနသည် AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းကာ AI ကို ဥပဒေအသိပညာနှင့် ချိတ်ဆက်၍ ဥပဒေဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်း မီစေရန် ဆောင်ရွက်လျက်ရှိပါသည်။ AI နည်းပညာကို အသုံးပြုခြင်းဖြင့် ဥပဒေအရာရှိများ နည်းပညာနားလည်ကျွမ်းကျင်တတ်မြောက်မှုအပြင် ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူ နှင့် လက်လှမ်းမီစွာ ရရှိနိုင်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

အဘိဓာန်များတွင် အဓိပ္ပာယ်ဖွင့်ဆိုမှုများ

 

S.M.A.R.T ဟူသည့် အသုံးအနှုန်းကို စာလုံး တစ်လုံးစီအလိုက်ဖော်ပြပြီးနောက် "smart" ဟူသောစကားရပ်ကို ထင်ရှားသည့်အဘိဓာန်ကြီးများတွင် ရှာဖွေကြည့်ရာ အောက်ပါအတိုင်း ဖွင့်ဆို ထားသည်ကို တွေ့ရှိရပါသည်-

 

Oxford Advanced Learner’s Dictionary တွင် “smart” ကို ဉာဏ်ကောင်းသော (intelligent)၊ လျင်မြန်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး နားလည်သဘောပေါက်လွယ်သောဟုလည်း ဆက်စပ်ဖော်ပြ ထားသည်။

 

Cambridge Dictionary ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ “smart” သည် ဉာဏ်ရည်ထက်မြက်သော၊ လျင်မြန်ထက်မြက်စွာ ဆောင်ရွက်နိုင်သောဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

Collins English Dictionary တွင်လည်း “smart” ကို ဉာဏ်ရည်ထက်မြက်သော၊ အမြော် အမြင်ရှိသော၊ လိမ္မာပါးနပ်သောအဓိပ္ပာယ်များနှင့် ဆက်စပ်ဖွင့်ဆိုထားသည်။

 

အလားတူ Merriam-Webster Dictionary တွင် "smart"ကို ဉာဏ်ကောင်းသော၊ ဉာဏ်ပွင့်လင်း သော၊ ဝေဖန်ပိုင်းခြားနိုင်သော၊ သွက်လက်တက်ကြွ သောဟု ဖော်ပြထားသည်။

 

အဆိုပါ အဘိဓာန်များ၏ ဖွင့်ဆိုချက်များကို စုစည်းသုံးသပ်ကြည့်လျှင် "smart" ဟူသည် ဉာဏ်ရည် ထက်မြက်ခြင်းတစ်ခုတည်းကိုသာဆိုလိုခြင်းမဟုတ်ဘဲ အမြော်အမြင်ရှိခြင်း၊ လိမ္မာပါးနပ်ခြင်း၊ အခြေအနေတစ်ရပ်ကို လျင်မြန်စွာ စဉ်းစားတွေးခေါ်ပြီး ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ခြင်းတို့နှင့်လည်း ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

 

ထို့ကြောင့် ဥပဒေရေးရာနယ်ပယ်တွင် Smart Law Officer ဆိုသည်မှာ ဉာဏ်ရည်ထက်မြက်ရုံမျှမက လျင်မြန်စွာ စဉ်းစားတွေးခေါ်နိုင်၍ ဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များကိုတိကျစွာ ချမှတ်နိုင်ပြီး ခေတ်နှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်သော ဥပဒေအရာရှိဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။

 

 

အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသည့် S.M.A.R.T Law Officer တစ်ဦးဖြစ်စေရန် ဉာဏ်ရည် ထက်မြက်ခြင်း၊ ဥပဒေကျွမ်းကျင်ခြင်း၊ နည်းပညာ အသုံးပြုနိုင်ခြင်း စသည့်အရည်သွေးများသာမက စဉ်းစားတွေးခေါ်နိုင်မှု၊ ဥပဒေကို ကျွမ်းကျင်ပိုင်နိုင်မှု၊ ကိုယ်ကျင့်တရားခိုင်မာမှု၊ ဥပဒေရေးရာ အကြောင်း ပြချက်များကို ထိရောက်စွာ တင်ပြနိုင်မှု၊ သုတေသနပြု လေ့လာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို ပေါင်းစပ်ထားနိုင်ခြင်းဖြင့် အရည်အချင်းပြည့်ဝသော ဥပဒေအရာရှိ တစ်ဦး၏ပုံရိပ်ကို ဖော်ဆောင်ပေးရမည်ဖြစ်ပါသည်။

 

ထို့ကြောင့် S.M.A.R.T ဟူသော အယူအဆကို အတိုကောက်စကားလုံးတစ်ခုအဖြစ် အမြဲမှတ်သား ထားရုံသာမကဘဲ မိမိ၏ အသိပညာ၊ လုပ်ရည်ကိုင်ရည်နှင့် ကိုယ်ကျင့်တရားတို့ကို စဉ်ဆက်မပြတ် မြှင့်တင်ရန် လမ်းညွှန်ချက်တစ်ရပ်အဖြစ် ကျင့်သုံး ရမည်ဖြစ်ပါသည်။

 

အချုပ်အားဖြင့်ဆိုရသော် ခေတ်သစ် S.M.A.R.T Law Officer တစ်ဦးသည် စာလုံးတစ်လုံးချင်း၏ ရည်ညွှန်းဖော်ပြသော အရည်အသွေး ငါးခုကိုပေါင်းစပ်ကျင့်သုံးကာ လူ့အဖွဲ့အစည်းတွင် တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရရှိစေရန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သည့် သမိုင်းပေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမည့် တက်ကြွထက်မြက် စနစ်ကျ ပုံစံကျ ဥပဒေအရာရှိ ကောင်းတစ်ဦးဖြစ်စေရန် မဆုတ်မနစ်သောဇွဲဖြင့် ကြိုးစားကြရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းဖော်ပြ လိုက်ရပါတော့သည်။ ။