ချောင်းသာမြို့ရှိ အုန်းတောအငူစွန်းနှင့် အောင်မင်္ဂလာကျွန်းကြား၌ ရေဆင်းကူးသည့် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

နေပြည်တော် ၉ နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ အုန်းတောအငူစွန်းနှင့် အောင်မင်္ဂလာကျွန်းကြား၌ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ရေဆင်းကူးသည့် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ (၁)ရပ်ကွက် အုန်းတောရှိ COC တည်းခိုခန်း၌ တည်းခိုနေထိုင်သူ မိုးကုတ်မြို့၊ ကသည်းအောင်သစ်လွင်ရပ်ကွက်နေ ဇော်နိုင်(၂၃)နှစ် နှင့် စည်ပင်သာယာရပ်ကွက်နေ မသန္တာလှိုင်(၂၀)နှစ်တို့သည် ချောင်းသာမြို့၊ (၁)ရပ်ကွက်ရှိ အုန်းတောအငူစွန်းနှင့် အောင်မင်္ဂလာကျွန်းကြား၌ အတူရေဆင်းကူးရာမှ ၂ ဦးလုံး ရေနစ်နေ၍ အနီးပတ်ဝန်းကျင်ရှိလူများက ဝိုင်းဝန်းဆယ်ယူခဲ့ရာ မသန္တာလှိုင်အား ကယ်ဆယ်နိုင်ခဲ့သော်လည်း ဇော်နိုင်မှာ ရေနစ်ပျောက်ဆုံးလျက်ရှိသဖြင့် ချောင်းသာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းရှာဖွေလျက်ရှိကြောင်း သိရသည်။

(ရဲပြန်ကြား)