ချောင်းသာ၊ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူချိန်မြင့်မားမှုနှင့် ရာသီဥတုပြောင်းလဲမှုများအပေါ် ကြိုတင်သတိပြုနိုင်စေရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အယ်နီညိုကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးဟန်ဖြိုးဇော်နှင့် တာဝန်ရှိသူများက အယ်နီညိုကာလအတွင်း နေပူပြင်းချိန်၌ အပြင်ထွက်သွားလာမှုကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ ရေဓာတ်ပြည့်ဝစေရန် ရေကိုလုံလောက်စွာသောက်သုံးရန်၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို သတိပြုရန် စသည့်အချက်များကို အသိပညာပေးခဲ့ပြီး ပြည်သူများထံသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အပြင် ရာသီဥတုနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ လေ့လာလိုက်နာကြရန်၊ အပူဒဏ်ခံစားရသည့် လက္ခဏာများ ပေါ်ပေါက်လာပါက သင့်လျော်သော အကူအညီရယူကြရန်နှင့် မိသားစုဝင်များအချင်းချင်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)


