ချောင်းဆုံ အောက်တိုဘာ ၈
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံစိုက်ခင်းများ လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ သက္ကောကျေးရွာ ကွင်းအမှတ် (၆၁၈)ရှိ တောင်သူ ဦးမောင်မြင့်၏ ရော်ဘာခြံ ၂၁ ဧကတွင် ဆီထွက်သီးနှံ နှမ်း ၁၆ ဧကနှင့် မတ်ပဲ ရေဆင်း-၄ ငါးဧကတို့ကို စက်တင်ဘာလအတွင်းက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံများကို လယ်ယာစိုက်ဧကများအပြင် ရော်ဘာအပင် ငယ်ခြံများအတွင်း သီးညှပ်သီးနှံအဖြစ် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်း လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၃၇၄၅ ဧက၊ ပဲမျိုးစုံ ၆၂၀၁ ဧက နှင့် နွေးစပါး ၁၂၄ ဧက စုစုပေါင်း ဧက ၁၀၀၇၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)


