ချောင်းဆုံ စက်တင်ဘာ ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မြို့နယ်အဆင့် ကရင်ရိုးရာ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်က ဖံဖကျေးရွာတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းနာယက ဆရာတော်က ဩဝါဒစကား မြွက်ကြားသည်။ ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အခမ်းအနား ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပေးအပ်သော ရန်ပုံငွေကျပ်သိန်း ၂၀ အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်တွင် လူကြီးမိဘများ၊ ကလေးလူငယ်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များအား ချည်ဖြူဖွဲ့ ပေးခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် ဧည့်သည်များကိုလည်း ထမင်း၊ ဟင်းဖြင့် ဧည့်ခံကျွေးမွေးကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)


