တွံတေး သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရန်ကင်းကျေးရွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် လုပ်ငန်းများလျာထားဆောင်ရွက်ရာတွင် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ စီမံကိန်းရေးဆွဲရေးကော်မတီဝင်များနှင့် ညှိနှိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းလျာထားနိုင်ရေး အမှာစကားပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစောကြည်က လုပ်ငန်းလျာထားမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က လျာထားဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် တင်ပြချက်များ အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးနေဝင်းနှင့် ဒေါ်စုစုမင်းတို့က အကြံပြုဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များက အကြံပြုဆွေးနွေးကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


