ပေါင် စက်တင်ဘာ ၂၃
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့ကရင်ကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွား ၂၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ခုနစ်ဦးနှင့် မသန်စွမ်း ငါးဦးတို့အား လိုအပ်သည့် ပံ့ပိုးငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို လက်ဝယ်အရောက် ပံ့ပိုးလှူဒါန်းပေးခဲ့ကြသည်။
ထို့နောက် ကျေးရွာအတွင်းရှိ အမျိုးသမီး ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ပြီး အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကာ ယင်လုံအိမ်သာ လိုအပ်လျက်ရှိသည့်အိမ်များသို့ ယင်လုံအိမ်သာများ ပံ့ပိုးပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သည် ကျေးရွာအတွင်းရှိ သပြေရောင်ခြည် စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုပြီး သုတ၊ ရသ စာအုပ်စာစောင်များကို စာကြည့်တိုက်တာဝန်ခံထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


