ကော့သောင်း၌ ဂတ်စ်အိုးတင်ယာဉ်တိမ်းမှောက်မီးလောင်ရာမှ နေအိမ်သုံးလုံး မီးကူးစက်မှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံး

ကော့သောင်း ၊  ၁၅   ဇန်နဝါရီ 

ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်က ဂတ်စ်အိုးများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှ အနီးအနား နေအိမ်သုံးလုံးသို့ ကူးစက်မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါနေ့နံနက်ပိုင်းက ကော့သောင်းမြို့အဝင် (၁၂)မိုင် စစ်ဆေးရေးဂိတ်မှတစ်ဆင့် ယာဉ်မောင်း အောင်ကိုလွင် မောင်းနှင်လာသည့် ဖူဆို(၁၀)ဘီးကား အဖြူရောင်သည် ဂတ်စ်အိုးကြီးများ တင်ဆောင်ကာ ကော့သောင်းမြို့တွင်းသို့ ခုနှစ်မိုင်မြို့ပတ်လမ်းမှတစ်ဆင့် မောင်းနှင် ဝင်ရောက်လာစဉ် ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်းကုန်းဆင်း အရောက်တွင် တိမ်းမှောက်မှုဖြစ်ကာ မီးလောင်ကျွမ်းမှုကြောင့် ဂတ်စ်အိုးများ ပေါက်ကွဲမီးလောင်ရာမှ လမ်းဘေးအနီးအနားရှိ နေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

အခင်းဖြစ်ဖြစ်ခြင်းသတင်းရရှိသဖြင့် ဖြစ်ပွားရာသို့ ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိကြီးကြပ်ကာ ကော့သောင်းမြို့နယ် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူးပါ သန္ဓေတပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးငြိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၁)စီး၊ အရပ်ဖက်ရေသယ်ယာဉ် (၂)စီးဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ရာ နံနက် ၁ နာရီ ၂၅ မိနစ်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် ဖူဆို(၁၀)ဘီးကားတစ်စီး၊ ဂတ်စ်အိုးကြီးအလုံး ၃၀၊ လမ်းဘေးအနီးအနား နေအိမ်(၃)ဆောင် မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တစ်လုံးမှ အသက်(၃၀)နှစ် ဝန်းကျင်ခန့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

 

မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူ အောင်ကိုလွင်အား ကော့သောင်းမြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)