ကော့သောင်း၊ ဖယ်ခုံ၊ မဘိမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဇူလိုင်

 

ကော့သောင်းမြို့နယ်၊ မာရမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ကော့သောင်းမြို့နယ်၊ နမ္မနွယ်ကျေးရွာအနီးတွင် တွေ့ရှိသူ မောင်မောင်နိုင်အား စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁၈၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁,၀၀၀၊ ထိုင်းဘတ်ငွေ ၂,၁၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်-လုံကာ ကျေးရွာသွားလမ်းတွင် မသိန်းဇာခြည်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၎င်းနေထိုင်သည့် ရွှေပြည်အေးကျေးရွာရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၈၀ ကိုလည်းကောင်း။

 

ထို့အတူ ထိုနေ့ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ပင်ကြိမ်ကျေးရွာ၊ ပေါင်းနက်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေစဉ် အမျိုးသား ၂ ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်မှာ လုံခြုံရေးဆောင်ရွက်နေသည့်နေရာသို့ မရောက်မီ အထုပ်တစ်ထုပ်ကို ပစ်ချထားခဲ့ပြီး မော်တော်ဆိုင်ကယ်အား နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ၎င်းတို့ပစ်ချထားခဲ့သော အထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ နှင့်  ဘိန်းဖြူ သုည ဒသမ ၀၆၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား