ဒေါက်ဇော်(သလ္လာမြေ)
“ကျောင်းတစ်ကျောင်း၏ အရွယ်အစားသည် ပညာရေးအရည်အသွေးကို အဆုံးအဖြတ်မပေးနိုင်သော်လည်း ထိရောက်သောစီမံခန့်ခွဲမှု၊ သင့်လျော်မျှတသော ဆရာအင်အားဖြန့်ဝေမှုနှင့် အရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်မှုကသာ ကျောင်းသားတိုင်း၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ပါသည်။” ယနေ့ ကမ္ဘာ့ပညာ ရေးစနစ်များသည် “ကျောင်းအရေအတွက်တိုးချဲ့ရေး” ထက် “ပညာရေးအရည်အသွေးမြှင့်တင်ရေး”ကို ပိုမိုဦးစားပေးလာကြပြီး အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့်နိုင်ငံများသာ အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်နိုင်ကြောင်း နိုင်ငံတကာအတွေ့အကြုံများက ပြသလျက်ရှိပါသည်။
ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် နိုင်ငံသားတိုင်း အတွက် အရည်အသွေးပြည့်ဝသော၊ တန်းတူညီမျှသော၊ လက်လှမ်းမီနိုင်သော အခြေခံ ပညာရေးစနစ် တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေးသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပညာရေး ရေစီးကြောင်းနှင့်အညီ ရလဒ်အခြေပြုပညာရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျောင်းအုပ်ချုပ်ရေးစနစ်၊ ဆရာအင်အားဖြန့်ကြက် ချထားမှု၊ သင်ကြားရေးအရင်းအမြစ်များနှင့် ဘဏ္ဍာရေးအသုံးစရိတ်များကို ထိရောက်မျှတစွာ စီမံခန့်ခွဲနိုင်ခြင်းသည် မရှိမဖြစ်လိုအပ်သော အခြေခံအချက်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအများအပြား၏ ပညာရေးပြုပြင် ပြောင်းလဲမှုအတွေ့အကြုံများအရ ကျောင်းသားဦးရေ လျော့နည်းလာခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသအကြား လူဦးရေရွှေ့ပြောင်းနေထိုင်မှုများ တိုးပွား လာခြင်းတို့ကြောင့် ကျောင်းပေါင်းစည်းရေးသည် အထောက်အထားအခြေပြု ပညာရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာပါသည်။
ယင်းအခြေအနေများနှင့်အညီ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစီမံခန့်ခွဲမှုအခင်းအကျင်းတွင်လည်း “ကျောင်းပေါင်းစည်းရေး” သည် ပညာရေး အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့သော ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် ဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် အချက်အလက် အခြေပြုစီမံကိန်းများကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် ယခင်ကာလ ဖြေလျှော့မှုများ၏ သင်ခန်းစာများ
မြန်မာနိုင်ငံ၏ အခြေခံပညာစနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းသည် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့် ပိုမိုလက်လှမ်းမီစေရေး၊ ဒေသအလိုက် ပညာရေးအခွင့်အလမ်းများ တန်းတူညီမျှစေရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်သည့် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့် မူလတန်းမှ မူလတန်းလွန်အဆင့်၊ မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက် တန်းကျောင်းခွဲနှင့် အထက်တန်းအဆင့်သို့ တိုးမြှင့်သတ်မှတ်ရာတွင် ကျောင်းသားအရေအတွက်၊ ပင်မ ကျောင်းနှင့်အကွာအဝေး၊ ဒေသအခြေအနေ၊ ကျောင်းဧရိယာအကျယ်အဝန်း၊ ကျောင်းအဆောက် အအုံနှင့် သင်ကြားရေးအထောက်အကူပြု အခြေခံအဆောက်အအုံများလုံလောက်မှု စသည့်စံသတ်မှတ်ချက်များကို အခြေခံ၍ စနစ်တကျသုံးသပ်ဆုံးဖြတ်ခဲ့သည့် အစီအမံအခြေခံများရှိပါသည်။
တစ်ချိန်တည်းတွင် နိုင်ငံတော်၏ “မည်သည့် ကလေးတစ်ဦးမျှ ပညာသင်ယူခွင့်မဆုံးရှုံးစေရ” ဟူသော ရည်မှန်းချက်ကို လက်တွေ့အကောင် အထည်ဖော်နိုင်ရန် အလေးထားဆောင်ရွက်ခဲ့ပါသည်။ ယင်းရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခင်ကာလအချို့တွင် လုပ်ငန်းစဉ်အလိုက် လိုက်လျောညီထွေဖြစ်သော ဖြေလျှော့ဆောင်ရွက်မှုများကို အခြေအနေအရ ဆောင်ရွက်ခဲ့ရပါသည်။
ယင်းဆောင်ရွက်ချက်များသည် ထိုအချိန်ကာလ၏ လူမှုရေးနှင့် ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အပြုသဘောဆောင်သော အစီအမံများဖြစ်ခဲ့သော်လည်း ရေရှည်အကောင် အထည်ဖော်မှုအဆင့်တွင် စနစ်တကျပြန်လည် သုံးသပ်ရမည့် အခြေအနေ ဖြစ်ပေါ်လာခဲ့ပါသည်။
အထူးသဖြင့် စံသတ်မှတ်ချက်များကို ဒေသလိုအပ်ချက်အရ ပိုမိုပြောင်းလွယ်ပြင်လွယ် ကျင့်သုံး ခဲ့ခြင်းကြောင့် ကျောင်းအရေအတွက်မှာ သိသာစွာ တိုးတက်လာခဲ့သော်လည်း တစ်ဖက်တွင် ဆရာ အင်အားခွဲဝေချထားရေး၊ ဘဏ္ဍာရေးအသုံးစရိတ် စီမံခန့်ခွဲရေး၊ ရေ၊ လျှပ်စစ်၊ သင်ထောက်ကူများ၊ အခြေခံအဆောက်အအုံများနှင့် သန့်ရှင်းရေးကို ကျောင်းအားလုံးတွင် အရည်အသွေးတူညီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုသင်ခန်းစာများကို အခြေခံ၍ လက်ရှိကာလတွင် အချက်အလက် အခြေပြုပညာရေးစီမံကိန်းများနှင့် ရေရှည်တည်တံ့ သော ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စနစ်ကျစွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ကျောင်းပေါင်းစည်းရေး၏ အနှစ်သာရနှင့် စနစ်တကျ ဆရာအင်အားဖြန့်ခွဲတာဝန်ချထားမှု
ယနေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျောင်းပေါင်းစည်းရေး၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူခွင့်ကို ကန့်သတ်ခြင်း သို့မဟုတ် ဒေသခံပြည်သူများ၏ ပညာရေးအခွင့်အလမ်းကို လျှော့ချခြင်း မဟုတ်ဘဲ ပညာရေးအရင်းအမြစ်များကို ပိုမိုမျှတစွာစီမံခန့်ခွဲ၍ ကျောင်းသားတိုင်း အရည်အသွေး တူညီသော သင်ယူမှုအခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်သည့် ခေတ်မီပညာရေးစီမံခန့်ခွဲမှု ဖြစ်ပါသည်။
လက်တွေ့အခြေအနေများအရ ဒေသအချို့တွင် အနီးကပ်ဧရိယာတစ်ခုအတွင်း ကျောင်းများစွာ တည်ရှိနေခြင်းကြောင့် ကျောင်းသားဦးရေသည် ကျောင်းအသီးသီးသို့ ပျံ့နှံ့သွားကာ အချို့ကျောင်း များတွင် ကျောင်းသားအင်အားနည်းပါးပြီး ဆရာ ဆရာမအင်အားမှာ လိုအပ်သည်ထက် ပိုမိုစုစည်းနေသည့် အခြေအနေများ ရှိနေပါသည်။ တစ်ဖက်တွင်မူ ကျောင်းသားဦးရေ များပြားသော ပင်မကျောင်းများနှင့် ဖွံ့ဖြိုးဆဲဒေသများတွင် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ရန် ဆရာအင်အား ထပ်မံလိုအပ်နေသည့် အခြေအနေများလည်း တွေ့ရှိရပါသည်။
ထိုသို့သော အခြေအနေများကို အခြေခံ၍ ကျောင်းပေါင်းစည်းရေးသည် ဆရာအင်အားကို တိုးမြှင့်ခန့်အပ်ခြင်းထက် ရှိပြီးသား လူ့စွမ်းအား အရင်းအမြစ်များကို အချက်အလက်အခြေပြု၊ မျှတ၍ စနစ်တကျ ပြန်လည်ဖြန့်ခွဲတာဝန်ချထားခြင်းကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ ယင်းသည် ဆရာများ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို အမှန်တကယ်လိုအပ်နေသော ကျောင်းများတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်စေရန် ရည်ရွယ်သည့် ပညာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်သော အစီအမံတစ်ရပ်လည်းဖြစ်ပါသည်။ အထူးသဖြင့် ကျောင်းသား ကျောင်းသူများသည် မိမိတို့၏ ဒေသအတွင်းရှိ သင့်လျော်သောကျောင်းများတွင်ပင် ဆက်လက်ပညာသင်ယူနိုင်သဖြင့် ကျောင်းတက် ရောက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် နေ့စဉ်သင်ယူမှုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် စီမံ ဆောင်ရွက်ထားခြင်းလည်းဖြစ်ပါသည်။
နိုင်ငံတကာမှ ကျောင်းပေါင်းစည်းရေး အတွေ့အကြုံများနှင့် လုပ်ထုံးလုပ်နည်းများ
နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူဦးရေဖွဲ့စည်းပုံ၊ ပထဝီဝင်အခြေအနေ၊ လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် ပညာရေးလိုအပ်ချက်များ မတူညီကြသော်လည်း အထောက်အထားအခြေပြုချမှတ်ခြင်းနှင့် အတွေ့ အကြုံကောင်းများကို အပြန်အလှန် သင်ယူအသုံးချခြင်းသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း လျော့နည်းလာခြင်း၊ ကျေးလက်ဒေသများ၌ လူဦးရေလျော့နည်း လာခြင်းနှင့် မြို့ပြဒေသများသို့ လူဦးရေရွှေ့ပြောင်း နေထိုင်မှုများကြောင့် ကျောင်းသားဦးရေ သိသာစွာ လျော့နည်းလာခဲ့ပါသည်။ ထိုအခြေအနေကို တုံ့ပြန်ရန် ဂျပန်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (Ministry of Education, Culture, Sports, Science and Technology – MEXT)သည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျောင်းများကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် ကျောင်းကွန်ရက်များကို အဆင့်လိုက် ပြန်လည်စီမံခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အထူးသဖြင့် MEXT က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “အစိုးရမူလတန်းနှင့် အလယ်တန်းကျောင်းများ၏ သင့်လျော်သော ကျောင်းအရွယ်အစား သတ်မှတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ”တွင် ကျောင်းသားဦးရေ ကျဆင်းလာသော ဒေသများ၌ ပညာရေးအရည်အသွေးကို ရေရှည်ထိန်းသိမ်းနိုင်ရန်၊ သင့်လျော်သော ကျောင်းအရွယ်အစားကို ဖော်ဆောင်ရန်နှင့် လိုအပ်သည့်အခါ ကျောင်းများကို ပေါင်းစည်းခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်းကို ဒေသအခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်ရန် လမ်းညွှန်ထားပါသည်။
စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနက လူဦးရေပြောင်းလဲလာမှု၊ မွေးဖွားနှုန်းကျဆင်းလာမှု၊ ကျောင်းသားအရေအတွက် အပြောင်းအလဲများနှင့် ဒေသအလိုက် ပညာရေးလိုအပ်ချက်များကို အခြေခံ ၍ ကျောင်းသားဦးရေ လျော့နည်းလာသော ဒေသများတွင် ပညာရေးအရင်းအမြစ်များကို ပိုမို ထိရောက်စွာ အသုံးချနိုင်ရန်နှင့် ကျောင်းသားများအတွက် အရည်အသွေးမြင့် သင်ယူမှုပတ်ဝန်းကျင် ကို ဆက်လက်ထိန်းသိမ်းပေးနိုင်ရန် လိုအပ်သည့်အခါ ကျောင်းများကို ပေါင်းစည်းဆောင်ရွက်လေ့ ရှိပါသည်။
ဥပမာအားဖြင့် စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်မှ စ၍ မွေးဖွားနှုန်းကျဆင်းလာမှုနှင့် ကျောင်းသား ဦးရေ လျော့နည်းလာမှုတို့ကြောင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအချို့ကို အဆင့်လိုက် ပေါင်းစည်းခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင်လည်း အလားတူ ကျောင်းပေါင်းစည်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း စင်ကာပူပညာရေးဝန်ကြီး ဌာနက တရားဝင်ထုတ်ပြန်ထားပါသည်။
ဤသို့ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးအရည်အသွေးကို ထိခိုက်စေခြင်း မရှိဘဲ ဆရာအင်အား၊ ငွေကြေးနှင့် ပညာရေး အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးချနိုင်ခဲ့ပြီး ကျောင်းများ၏ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် စင်ကာပူပညာရေးစနစ်၏ အရည်အသွေးမြင့်မားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာန၏ မူဝါဒထုတ်ပြန်ချက်များနှင့် နှစ်စဉ်အစီရင်ခံစာများက ဖော်ပြထားပါသည်။
ပညာရေးအရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းနှင့် ကျောင်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
ကျောင်းပေါင်းစည်းရေး၏ အဓိက အကျိုးကျေးဇူးများအနက် တစ်ရပ်မှာ နိုင်ငံတော်၏ ပညာ ရေးအရင်းအမြစ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲ အသုံးချနိုင်ခြင်းဖြစ်ပါသည်။ စာသင်ကျောင်း တစ်ကျောင်းကို လည်ပတ်ရာတွင် အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေး၊ လျှပ်စစ်၊ ရေ၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ စီမံအုပ်ချုပ်ရေးနှင့် နေ့စဉ်လည်ပတ်မှုဆိုင်ရာ အသုံးစရိတ်များကို အဆက်မပြတ် ရင်းနှီး မြှုပ်နှံရပါသည်။ ထို့ကြောင့် ကျောင်းသားဦးရေ နည်းပါးသောကျောင်းများကို ဒေသအခြေအနေနှင့် ကိုက်ညီစွာ စနစ်တကျပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်ပါက လည်ပတ်မှုကုန်ကျစရိတ်များကို ပိုမို ထိရောက်စွာ စီမံနိုင်မည်ဖြစ်ပြီး သက်သာလာသော ဘဏ္ဍာရေးအရင်းအမြစ်များကို ပညာရေးအရည် အသွေးမြှင့်တင်ရေးလုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပါသည်။
အထူးသဖြင့် ခေတ်မီစာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သိပ္ပံဓာတ်ခွဲခန်းများ၊ ဒီဂျစ်တယ်သင်ယူမှု အထောက်အကူပြုစနစ်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) အခြေခံ အဆောက်အအုံများ၊ ဆရာများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် များနှင့် ကျောင်းသားများ၏ သင်ယူမှုအရည်အသွေးကို တိုက်ရိုက်အထောက်အကူပြုမည့် လုပ်ငန်း များတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံနိုင်ခြင်းသည် ပညာရေးကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးကျေးဇူးတစ်ရပ် ဖြစ်ပါသည်။ ယင်းသည် ဆရာများအတွက် ပိုမိုထိရောက်သော သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သကဲ့သို့ ကျောင်းသား ကျောင်းသူများအတွက် လည်း ဘေးကင်းလုံခြုံ၍ သင်ယူမှုအရည်အချင်းကို အပြည့်အဝဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အခွင့်အလမ်း များကို ပိုမိုရရှိစေမည်ဖြစ်ပါသည်။
အရည်အသွေးပြည့်ဝသော ပညာရေးစနစ်နှင့် မျှတသော အနာဂတ်ဆီသို့
အနှစ်ချုပ်အားဖြင့် ကျောင်းပေါင်းစည်းရေး၏ ရည်မှန်းချက်မှာ “ကျောင်းတိုင်း အရည်အသွေးရှိရေး၊ ဆရာတိုင်း အရည်အချင်းပြည့်ဝရေး၊ ကျောင်းသား တိုင်း အခွင့်အလမ်းတန်းတူရရှိရေး” နှင့် ပညာရေး ကဏ္ဍ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးနိုင်ရန်ဖြစ်ပါသည်။ လုပ်ငန်းစဉ်တစ်ရပ်၏ အောင်မြင်မှုသည် ဆောင်ရွက်သည့် အကြောင်းအရာပေါ်တွင်သာ မူတည်ခြင်းမဟုတ်ဘဲ အကောင်အထည်ဖော်ရာတွင်ပါဝင်သည့် လူတိုင်း၏ နားလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်တွင်လည်း များစွာတည်မှီလျက်ရှိပါသည်။ ထို့ကြောင့် ပညာရေးစီမံခန့်ခွဲသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ မိဘများ၊ ဒေသခံလူမှုအသိုင်း အဝိုင်းများနှင့် သက်ဆိုင်သူအားလုံးသည် “ကျောင်းသား အကျိုးစီးပွားကို ဦးစားပေး”ဟူသော အခြေခံ သဘောတရားကို လက်ကိုင်ထား၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများ “ကျောင်းနေပျော်၍ စာတော်ရမည်” ဟူသော ပညာရေးယဉ်ကျေးမှုကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်ပြီး သင်ယူမှုအရည်အသွေး၊ ကျောင်းပတ်ဝန်းကျင်၏ အားလုံးပါဝင်မှုနှင့် ပညာရေးတန်းတူညီမျှမှုတို့ကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ အနာဂတ်ကို မျှော်ကြည့်မည်ဆိုပါက အရည်အသွေး၊ တန်းတူညီမျှမှုနှင့် ထိရောက်မှုကို အခြေခံသော ပညာရေးစနစ်တစ်ရပ်သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကအင်အားဖြစ်မည်မှာ သံသယမရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


