ကျောင်းနေအရွယ် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများကို ကျင့်သုံးနေထိုင်သွားရန် လိုအပ်


ဟားခါး သြဂုတ် ၁၅

 

ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကျန်းမာရေးနှင့် ညီညွတ်သောလူနေမှုဘဝပုံစံများကို ကျင့်သုံးနေထိုင်သွားရန် လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆−၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် မှာကြားသည်။

 

ထို့ပြင် ပြည်နယ်အတွင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများရရှိစေရန်အတွက် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်ကို သင်ကြားပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ ကျင့်သုံးစွဲမြဲရန် သင်ကြားပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် သံဓာတ်ဆေးပြား တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ကျွေးခြင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် မျက်စိနှင့် သွားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား တစ်နှစ်လျှင် နှစ်ကြိမ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါ အခမ်းအနားတွင် ကျောင်းကျန်းမာရေး လုပ်ငန်းထူးချွန်ဆုရရှိသည့် ကျောင်းများအား ဂုဏ်ပြုဆုများပေးအပ်ပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ “တစ်ကိုယ်ရေသန့်ရှင်းရေး လေ့ကျင့်စဉ်” ဖြင့် သရုပ်ပြမှုနှင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှု ပြခန်းတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)