စိုးမိုး (စံပြကျောင်း၊ မန္တလေး)
(ယမန်နေ့မှအဆက်)
ကျောင်းသားများ ကိုယ်လက်လှုပ်ရှားအားကစားအနေဖြင့် ကာယလေ့ကျင့်ခန်း အတန်းငယ်များအတွက် ကာယအတွဲ (၁) ၊ အတန်းကြီးသူများအတွက် ကာယအတွဲ (၂) များ ပြုလုပ်မှုကို ကျောင်းအလံတိုင်ရှေ့တွင် လက်တွေ့စစ်ဆေးအမှတ်ပေးကြသည်။
ထို့နောက်တွင်မှ ကျောင်းဝင်၊ ကျောင်းထွက်အတန်းအလိုက် ကိုယ်အလေးချိန်၊ အရပ်အမြင့် မှတ်တမ်းထား ရှိ/ မရှိ။ အာဟာရကျွေး မှတ်တမ်းများ ရှိ/ မရှိ။ ကျန်းမာရေးဌာနကလာရောက်ပြီး ကျောင်းတွင် ကျန်းမာရေးဟောပြောမှု ရှိ/ မရှိတို့ကို စစ်ဆေးကြပါသည်။ မိမိတို့အနေဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွင် အကဲဆတ်မည်ဟုထင်ရသည့် ကြွေးကြော်သံသဘောသက်ရောက်သော “အမျိုးသားကျန်းမာရေးအစ စာသင်ကျောင်းက”၊ “ပညာရေးဌာနသည် ကျန်းမာရေး ပညာပေးဌာနဖြစ်ရမည်” ဤကဲ့သို့ ဆောင်ပုဒ်များကို ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်း မြို့နယ်စီမံချက်စာအုပ်၏ ပထမစာမျက်နှာတွင် မဖော်ပြဘဲ low profile အနေဖြင့် ဒုတိယစာမျက်နှာ၌ ဖော်ပြခဲ့သည်။
ပညာရေးနှင့် ကျန်းမာရေးဌာနများအနေဖြင့် ညီရင်းအစ်ကိုတမျှ ခင်မင်စွာပေါင်းသင်းဆက်ဆံမှုဖြင့် ဌာနများအချင်းချင်းနံရံများ၏ ထူထဲမှုကို ဖြိုချနိုင်ခဲ့သည်။ မြို့နယ်ပညာရေးမှူးအနေဖြင့် ကျောင်းတိုင်းတွင် ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ ဆရာမ တစ်ဦးတာဝန်ပေးစေပြီး ဆရာ ဆရာမများ မြို့နယ်အတွင်း ကျောင်းပြောင်းရွှေ့လိုလျှင် ကျောင်းကျန်းမာရေး လုပ်ငန်းဆောင်ရွက်သည့်ကျောင်းဖြစ်မှ ဦးစားပေးမည်ဆိုသော အချက်အပေါ်တွင် အလေးဂရုပြု၍ ထောက်ခံခဲ့ကြောင်း သိရှိရပါသည်။
ကျွန်တော်တို့ ကျန်းမာရေးဌာနအနေဖြင့်လည်း လကုန်ရက်တိုင်း ကျင်းပပြုလုပ်သည့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ လပတ်အစည်းအဝေးတွင် ပညာရေးဌာနနှင့်ချိတ်ဆက်ပြီး ရာသီအလိုက် ဖြစ်ပွားတတ်သောရောဂါများအကြောင်း ပညာပေးဟောပြောခြင်း၊ ကူးစက်ရောဂါများနှင့် ကျေးလက်တွင် ကျန်းမာရေးဌာနက ဆောင်ရွက်နေသော ပဏာမ ကျန်းမာရေးစီမံချက်လုပ်ငန်းများ အောင်မြင်ရေးအတွက် ပညာရေးဌာနမှ ဆရာ ဆရာမများ၏ အကူအညီလိုအပ်ပုံနှင့် ထိရောက်ပုံကိုပြောပြရင်း ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးချောမွေ့မှုကို တည်ဆောက်ကြရသည်။
ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းစဉ်ကို ဖြစ်ပေါ်စေခဲ့
ကျောင်းများအတွက် ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်သစ်များကို ကျောင်းများသို့ လစဉ်ဝေငှခဲ့ခြင်းဖြင့် မြို့နယ်လုံးလွှမ်းခြုံသည့် ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းစဉ်ကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် မိမိတို့မြို့နယ် ကျောင်းကျန်းမာရေးကော်မတီအနေဖြင့် ကျောင်းသားကလေးငယ်များ ရွတ်ဆိုရန် သင့်တော်ကောင်းမွန် အသံချိုသည့် သံပေါက်ကဗျာလေးများကို စပ်ဆိုပေးပြီး ဆရာ ဆရာမများမှတစ်ဆင့် ကျောင်းများသို့ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ခဲ့သည်။
ကျန်းမာရေးပညာပေးကဗျာများကို ရွတ်ဆိုစေသည့်အပြင် ကဗျာ၏အဓိပ္ပာယ်ကို ရှင်းပြစေခြင်းဖြင့် သူတို့၏အသိအမြင်ကို ကျယ်ပြန့်စေခဲ့သည်။ ကျောင်းသားကလေးများအနေဖြင့် ကဗျာသည် အသံချိုသည့်အပြင် အုပ်စုလိုက်ရွတ်ဆို၍ ကောင်းသည့်အတွက် ပျော်ပျော်ပါးပါး ရွတ်ဆိုကြသည်။ အသံချိုရာမှ အဓိပ္ပာယ်သိရှိစေခြင်းဖြင့် အသိပညာတိုးတက်လာကာ ယင်းတို့၏ခံယူချက်အဖြစ်သို့ ပြောင်းလဲရောက်ရှိလာပြီး ၎င်းမှတစ်ဆင့် ကိုယ်တိုင်ဆောင်ရွက်မှု အလုပ်၊ အလုပ်မှသည် အမူအကျင့်စသည့် အပြုအမူပြောင်းလဲခြင်းဆိုင်ရာ ကွင်းဆက်ဖြစ်စဉ်ကို တည်ဆောက်လာနိုင်စေခဲ့သည်။
ကဗျာများဖြင့် ပညာပေးသောကြောင့် များစွာထိရောက်အကျိုးရှိပုံကိုလည်း ဖော်ပြလိုပါသည်။ ပျော်ဘွယ်မြို့နယ်တွင် ထိုစဉ်က မြို့ပေါ်ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာပေါင်း ၃၁၅ ရွာရှိပါသည်။ မြို့အရှေ့မြောက်ဘက်ရှိရွာများသည် ဝေးလံခေါင်းပါးပြီး တောင်ပေါ်ဒေသဖြစ်ရာ သွားလာရေးခက်ခဲ၊ လမ်းပန်းအဆင်မပြေမလွယ်ကူလှပါ။ ထို့အတူ ပျော်ဘွယ်မြို့နယ် အနောက်ဘက်ဒေသအခေါ် ချောက်စီဒိုင်နယ်တွင် ရွာပေါင်း ၁၉ ရွာရှိပြီး ထိုဒေသသို့သွားရန် ပျော်ဘွယ်နယ်အဆုံး တောင်ညောင်ကုန်းရွာမှတစ်ဆင့် နတ်မောက်နယ်ကိုဖြတ်ပြီး ဒေသအခေါ် ကြောမဟုခေါ်ဆိုသည့် အလယ်ရိုးမပေါ်သို့ ပြန်တက်ကာ လှည်းလမ်းဖြင့် ခြောက်သွေ့သွေ့၊ မြေဆီပျက်သုဉ်းရာ လျှိုချောက်ကြီးများ၊ သဲဖုတ်တောများကို ဖြတ်သန်းပြီးမှ ရွာဆက်အလှမ်းဝေးရာ ကုန်းခေါင်ခေါင်ဒေသရွာများသို့ ရောက်ရှိရသည်။
ခရီးလမ်းပန်းခက်ခဲပြီး ဝေးလံသည်နှင့်အမျှ ထိုဒေသ၏ တစ်နှစ်အောက်ကလေး ကာကွယ်ဆေးထိုးလုပ်ငန်းသည်လည်း လွှမ်းခြုံမှုမကောင်းလှပေ။ ကျွန်တော်တို့ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီက စပ်ဆိုပေးသော “ယူစီအိုင်” တစ်နှစ်အောက်ကလေး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆိုသည့် ကဗျာလေးကို သင်ကြားပေးပြီးသကာလ ကလေးများမှတစ်ဆင့် ၎င်းတို့နေအိမ်၊ မိဘ၊ ဆွေမျိုးသားချင်းများထံသို့ ပျံ့နှံ့ရောက်ရှိသွားပြီး ငွေရှိတိုင်းထိုးမရသည့် ယူစီအိုင် (Universal Child immunization UCI) ကာကွယ်ဆေး၏တန်ဖိုး၊ စတင်ထုတ်လုပ်ရာ ဝေးလံသည့်နိုင်ငံများမှစ၍ အအေးလမ်းကြောင်း (Cold Chain) မပျက်အောင်ထားသို၊ သယ်ဆောင်လာပြီးမှ မြန်မာနိုင်ငံသို့ ရောက်လာပုံ၊ ရန်ကုန်မြို့ကြီးမှတစ်ဆင့် သက်ဆိုင်ရာကျေးလက် တောရွာများရှိ ကလေးများထံသို့ အဆင့်ဆင့်အအေးလမ်းကြောင်းမပျက် ခက်ခဲစွာသယ်ယူလာရပုံကို လူထုမှသိရှိပြီး တစ်နှစ်ခန့်အကြာတွင် ထိုဒေသရှိ ယူစီအိုင်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု များစွာတိုးတက်လာခဲ့ပုံမှာ အပြောမဟုတ်၊ လက်တွေ့ပင်ဖြစ်ပါသည်။
ကျန်းမာရေးကို ထိခိုက်သော အဓိကအကြောင်းရင်းမှာ မသိနားမလည်မှုပင်ဖြစ်ပါသည်။ ကျန်းမာရေးပညာပေးခြင်းဟူသော သော့တံဖြင့်ဖွင့်မှသာ ရနိုင်သောအရာဖြစ်ပါသည်။ ယခုအချိန်တွင် တော့ဒေသအခေါ် ကြောမဆိုသည့်ဒေသကို ဖြတ်၍ ရန်ကုန်-မန္တလေး အမြန်လမ်းသစ်ကြီး ပေါ်ထွန်းလာခဲ့ပြီ။
ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း ခံယူချက်အသိလွဲတတ်ကြပါသည်။ မိမိတို့ဖြစ်စေလိုသည့် ရည်ရွယ်ချက်မှာ တစ်နေ့တာကလေးများ အာဟာရလိုအပ်ချက်၏ သုံးပုံတစ်ပုံကို ကျောင်း၌ပင် ပြီးစီးစေလိုခြင်းဖြစ်ပါသည်။ မျှတသောအာဟာရ ရရှိမှသာ ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ မျှတသောအာဟာရဆိုသည်မှာ ကြီးထွားဓာတ်၊ အင်အားဓာတ်၊ သက်စောင့်ဓာတ်ဆိုသည့် အာဟာရဓာတ်ကြီးသုံးမျိုးလုံးပါဝင်သည့် အစာအာဟာရကို ဆိုလိုပါသည်။
အချို့က အာဟာရကျွေးဆိုပြီး ဒံပေါက်ကျွေးထားသည်။ တစ်နှစ်လုံးမှ တစ်ကြိမ်သာကျွေးသည်ကို မှတ်တမ်းတွင်တွေ့ရဖူးသည်။ အများစုသော ကျောင်းကျန်းမာရေး သဘောသဘာဝကို နားလည်သွားကြသူ ဆရာ ဆရာမများက ရွာရှိ အလှူရှင်ကကျွေးမွေးခြင်း၊ ကျောင်းသားများ၏ မွေးနေ့အထိမ်းအမှတ်ကျွေးမွေးခြင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့က ကူညီအားဖြည့်ကျွေးမွေးခြင်းတို့ကို ညှိနှိုင်းကြပ်မတ်ပြီး အမှန်အာဟာရဖြစ်မည့် ကန်စွန်းဥပြုတ်၊ သာကူကျို၊ ကြာဆံကြော်စသည်များကို ကျွေးမွေးစေရန်စီမံကြသည်။
မြို့ပေါ်မှ မြို့မမူလတန်း ကျောင်းအုပ်ဆရာကြီးက “သည် တစ်ပတ်သောကြာ ဖြည့်စွက်စာ”ဟုဆိုကာ အပတ်စဉ် သီးစုံပဲကုလားဟင်း အပိုဆောင်းချက်ကျွေးသည်။ ညီညွတ်မျှတအာဟာရ ဖြည့်စွက်စာပင်တည်း။ အချို့ကလေးများက ငှက်ပျောသီး လှူဒါန်းကျွေးမွေးကြသည်။ မည်သည့်အစာသည် အစာအုပ်စုကြီးသုံးမျိုးဖြစ်သော အင်အားဓာတ် (ကာဗိုဟိုက်ဒရိတ်) ထဲတွင် ပါသည်။ မည်သည့်အစာကတော့ကြီးထွား ဓာတ် (ပရိုတိန်း) အုပ်စုထဲပါ၍ မည်သည့်အစာကတော့ သက်စောင့် ဓာတ် (ဗီတာမင်နှင့် သတ္တုဓာတ်) အုပ်စုတွင် ပါဝင်သည်ကို ကလေးများ၏ အသိဉာဏ်တွင် စွဲမြဲစွာမှတ်သားမိစေပြီး အစာအုပ်စု သုံးမျိုးလုံးပါဝင်မှသာ ညီညွတ်မျှတအာဟာရနှင့် ပြည့်စုံကြောင်း ငယ်စဉ်ကတည်းက သိစေရန်အပြင် ထမင်းဘူးထည့်၍ စုပေါင်းစားသောက်ခြင်းဖြင့် မရှိအတူ ရှိအတူ ဝေမျှတတ်သောစိတ်ဓာတ်ကို မွေးမြူလေ့ကျင့်စေချင်သော အပြုအမူကို ပျိုးထောင်ရာရောက်ပါသည်။ အသား၊ ငါးမစားနိုင်ကလည်း ကြီးထွားဓာတ်ခေါ် အသားဓာတ်ကြွယ်ဝသည့် ပဲ၊ ပဲပုပ်များကို အစားထိုးစားခြင်းလည်းပြုနိုင်ကြောင်း ဗဟုသုတပေးဝေနိုင်ခဲ့ပါသည်။
ကျောင်းမှစ၍ လေ့ကျင့်ပျိုးထောင်
အချုပ်အားဖြင့် ဆိုလိုချင်သည်မှာ ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်းသည် ဟန်ပြလုပ်ငန်းအဖြစ် လုပ်ဆောင်ရန်မဟုတ်ဘဲ ကျောင်းသားငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးသာမက ကျန်းမာရေးအသိခံယူချက် မြင့်မားလာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုဟန်ပန်တစ်ခုကို ကျောင်းမှစ၍ လေ့ကျင့်ပျိုးထောင်ပေးသော ဓလေ့ကိုဖြစ်ထွန်းစေရုံသာမက ကျန်းမာရေး၊ ပညာရေးနှင့် အခြားနှီးနွှယ်ဆက်စပ်ရာ ပါဝင်ဆောင်ရွက်သူများရော ကျောင်းသားမိဘများပါ ပူးပေါင်းဆောင်ရွက်မှ စဉ်ဆက်မပြတ် ရေရှည်ရှင်သန်ရပ်တည်နိုင်မည့် ကောင်းမွန်သောအနာဂတ်ကို ဖော်ဆောင်မည့်လုပ်ငန်းဟုလည်း ဆိုချင်ပါသည်။
ကျောင်းအဆောက်အအုံ ပရိဘောဂတည်းဟူသော ရုပ်ဝတ္ထုပစ္စည်းတို့က ငွေကြေးတတ်နိုင်သည်နှင့်အမျှ ချက်ချင်းပေါ်ထွန်းလာနိုင်သော်လည်း ကျောင်းကျန်းမာရေးအလေ့အကျင့်၊ ဆောင်ရွက်ချက်၊ အသိပညာ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ဘဝနေထိုင်မှုဟန်ပန်တို့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုက ငွေရှိတိုင်း လုပ်ယူ၍မရ။ ယနေ့မှမစလျှင် နောင်တွင် မျိုးဆက်နှင့်ချီ၍ နောက်ကျနေပေလိမ့်မည်။
မိမိတို့ဝန်ထမ်းများကတော့ ခရီးသွားများဖြစ်ပြီး မိမိတို့တာဝန်ကျရာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ခြင်းသည်ပင်လျှင် အုပ်ချုပ်ရေး၊ လူမှုရေးယန္တရားကြီး၏ ကောင်းမွန်သည့် ခွေးသွားစိပ်၊ အရစ်မပြုန်းသည့် ဝက်အူလေးများအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်းကို ဂုဏ်ယူလျက် မကုန်ဆုံးနိုင်သောပီတိကို ပွားများနိုင်ပေလိမ့်မည်။
ဝန်ထမ်းများအနေဖြင့် ကိုယ်တာဝန်ကျရာဒေသ၌ “လူပြန်လျှင် မူကျန်စေရမည်” ဟူသည့်ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် ဆောင်ရွက်ပေးခဲ့ရန်သာ အရေးကြီးလှပါသည်။ အမှန်စင်စစ်လည်း ကျောင်းကျန်းမာရေးလုပ်ငန်းဖြင့် ကျန်းမာရေးပညာပေးခြင်းကို ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းတစ်ရပ်အဖြစ် သင်ရိုးပြင်ပ (သို့မဟုတ်) တွဲဖက်သင်ရိုးအဖြစ် ထည့်သွင်းဆောင်ရွက်နိုင်ပါက ကောင်းပေစွဟုလည်း ထိုစဉ်ကတည်းက တွေးတောမျှော်လင့်နေမိခဲ့ပါသည်။ ။


