ကျောင်းဆရာနှင့် စာဖတ်ခြင်းအလေ့ ပြုစုပျိုးထောင်ပေးသင့်ပုံအဆင့်ဆင့်

ဆန်းလင်းအောင်

 

အွန်လိုင်းမှာ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ကနေ "စာမဖတ်ဘဲ စာသင်နေတာအလကားပဲ" ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းကို အမှတ်မထင် တွေ့မိပါ တယ်။ ဆရာဆရာမတို့၏ရင်တွင်းစကားဆိုတဲ့ ပညာရေး (Group) တစ်ခုမှာ တွေ့မိတဲ့ စာကြောင်းလေး တစ်ကြောင်းပဲဖြစ်ပါတယ်။ ဒီစာကြောင်လေးကို ရုတ်တရက် ဖတ်လိုက်မိတယ်ဆိုရင်ပဲ ဆက်စပ်တွေးတော စရာတွေက တသီကြီး ကျန်နေခဲ့ပါတယ်။

"စာမဖတ်ဘဲစာသင်နေတာ အလကားပဲ"တဲ့။ ဒီနေရာ မှာ စာသင်တယ်ဆိုတော့ သင်ကြားခြင်း (Teaching) ကို ရည်ရွယ်တာလား၊ သင်ယူခြင်း (Learning) ကို ရည်ရွယ် တာလားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

အခု ဒီစာက ဆရာ ဆရာမတွေရဲ့ (Group) မှာ တင်ထားတာကြောင့် သင်ကြားခြင်း (Teaching) ကို ရည်ရွယ်ပြီး ကျောင်းဆရာတွေကို ဆိုလိုခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။ စာမဖတ်ဘဲ စာသင်နေတာ အလကားပဲ လို့ ပြောထားတော့ စာမဖတ်တဲ့ ဆရာတွေကို ခနဲ့ထားတဲ့ သဘောမျိုးပါပဲ။ အနာဂတ်တိုင်းပြည်ရဲ့ ဆိုးခြင်းကောင်း ခြင်း နှစ်သွယ်ဟာ ကလေးလူငယ်တွေပေါ်မှာ တည်မှီနေ တယ်ဆိုတာ အထူးတလည် ရှင်းပြစရာမလိုဘူး ထင်ပါ တယ်။ ကလေးတွေရဲ့ နှလုံးသားထဲ စာရိတ္တကောင်း၊ ဗီဇ ကောင်းတွေ ရိုက်သွင်းဖို့အတွက် ဆရာတွေရဲ့ အခန်းကဏ္ဍ ဟာ သိပ်ကိုအရေးပါလှပါတယ်။ ဘက်စုံဖွံ့ဖြိုးတဲ့ လူငယ် တစ်ဦး ဖြစ်ဖို့ဆိုရင်တော့ ဆရာတွေသာမက မိဘဆွေမျိုး အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကအစ ပြုပြင်ထိန်းသိမ်း နည်းပြလမ်းညွှန်ပါမှ လူတော်လူကောင်းတစ်ဦး ဖြစ်လာ နိုင်မှာပါ။

စကားရဲ့ ဆိုလိုရင်းကကို "မင်းကိုယ်တိုင်က စာမဖတ် ဘဲ ကလေးတွေကို ဘယ်လိုလုပ်ပြီး စာသင်နိုင်မှာလဲ" ဆိုပြီး ထိထိမိမိဝေဖန်ထားတာ တွေ့ရပါတယ်။ ကျွန်တော် တွေ့ရ သလောက် ဆရာတွေတော်တော်များများကတော့ စာအလွန် ဖတ်ကြပါတယ်။ ဒီအတွက်လည်း ဝမ်းသာရတယ်။ တန်ဖိုး ရှိတဲ့ စာပေတွေကို ရေးသားတင်ပြကြတဲ့ ကျောင်းဆရာ တွေ(စာရေးဆရာတွေ)တောင် အများကြီးရှိကြတယ်။

စာဖတ်တဲ့ ကျောင်းဆရာရဲ့ အတွေးအခေါ်ဟာ အနည်း နဲ့အများတော့ ယုတ္တိတန်မှာပေါ့။ ကလေးသူငယ်တွေကို သူတို့လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် ထုဆစ်နိုင်စွမ်းရှိတယ် လို့ သုံးသပ်မိတယ်။

လူမှန်းသိတတ်စကလေးသူငယ်လေးတွေဟာ အသက် ငါးနှစ်ပြည့်ပြီဆိုတာနဲ့ အသိပညာတွေ၊ အတတ်ပညာတွေ ဆည်းပူးဖို့အတွက် စာသင်ကျောင်းကို အရောက်လာကြပါ တော့တယ်။ အုပ်ထိန်းသူမိဘတွေရဲ့စောင့်ကြည့်မှုအောက် ကနေ ဆုံးမပဲ့ပြင်သူ ဆရာတွေရဲ့ မျက်စိအောက်ကို အလိုလို ရောက်လာကြရပါတော့တယ်။ ဒီအခါမှာ ဆရာဖြစ်သူအနေ နဲ့ ကလေးတွေရဲ့ အတွေးအခေါ်ရင့်သန်လာအောင်၊ စာနာ စိတ်ထားတတ်လာအောင်၊ ကြိုးစားလိုစိတ်ရှိလာအောင်၊ နုနယ်တဲ့နှလုံးသားလေးတွေကို စနစ်တကျ ပုံသွင်းပြီးပဲ့ကိုင် သင့်ပါတယ်။ ဒီလိုပဲ့ကိုင်ဖို့အတွက် အစပျိုးလုပ်ဆောင်သင့် တဲ့ ပထမဆုံးအချက်ကတော့ ကလေးတွေကို စာဖတ်ခိုင်း ဖို့ပါပဲ။ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင်လည်း လူမှန်း သိတတ်စအရွယ်ကတည်းက စာအုပ်တွေကို ချစ်တတ်ပြီး စွဲလမ်းခုံမင်လာအောင် စနစ်တကျ ပြုစုပျိုးထောင်ပေး တတ်ကြပါတယ်။

ကလေးတွေကို စာဖတ်ခိုင်းမယ်ဆိုတော့ ဘယ်လို စာပေမျိုးကို ပေးဖတ်သင့်လဲဆိုတဲ့ မေးခွန်းကလည်း တော်တော် စဉ်းစားရပါတယ်။ စာအုပ်ထူထူကြီးတွေနဲ့ များစွာတွေးတောရတဲ့စာအုပ်တွေက ကလေးတွေအတွက် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော် စာစဖတ်စကလေးဘဝကို တစ်စိတ်တစ်ဒေသချပြပေးချင် ပါတယ်။ ကျွန်တော် ပထမတန်းကျောင်းသားဘဝလောက် မှာ ကျွန်တော့်အဖေက ညစဉ်ပုံပြင်တွေ ပြောလေ့ရှိပါ တယ်။ ဒီလိုနဲ့ တစ်နှစ်လောက်ကြာလာတော့ အဖေကပုံပြင် တွေ မပြောတော့ပါဘူး။ ကျွန်တော့်အတွက် ပုံပြင်စာအုပ် လေးတွေ ဝယ်လာပါတယ်။ မင်းဘာသာမင်းဖတ်လို့ပြောပြီး ပုံပြင်တွေအပေါ် စွဲလမ်းနေတဲ့ ကျွန်တော့်ကို စာဖတ်ချင်လာ အောင် ပုံပြင်စာအုပ်လေးတွေနဲ့ အစပျိုးပေးခဲ့ပါတယ်။ ဆရာတွေအနေနဲ့ အခန်းထဲမှာ ကလေးတွေကို နေ့စဉ် ပုံတိုပတ်စလေးတွေပြောပြီး ကလေးတွေဟာပုံပြင်တွေကို နှစ်သက်လာပြီဆိုကာမှ ပုံပြင်စာအုပ်လေးတွေနဲ့ ကလေး တွေရဲ့ စာဖတ်ခြင်းအလေ့အကျင့်ကို အစပျိုးသင့်ပါတယ်။

ဒုတိယအချက်က သရုပ်ပြကာတွန်းလေးတွေ၊ ဖြစ်ရပ် ဆန်းကြယ် ပရလောကဇာတ်လမ်းလေးတွေဟာလည်း ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းဆုပ်ရယူနိုင်ပါတယ်။ အရုပ်တွေကိုကြည့်ပြီး စာဖတ်ရတဲ့ သရုပ်ပြကာတွန်းလေး တွေဟာ ကလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်သလို ပရ လောကဇာတ်လမ်းလေးတွေဟာလည်း ကလေးတွေ စိတ်ဝင်တစားရှိတတ်ကြတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါ တယ်။

ကလေးတွေဟာ သရဲတ‌စ္ဆေဆိုတာ ဘာမှန်းမသိခင် ကတည်းက လူကြီးတွေပြောပြလို့ နားရည်ဝနေကြပါပြီ။ ကြောက်ကြောက်နဲ့ သရဲအကြောင်းပြောပြတတ်တဲ့ လူကြီး တွေနားကပ်ပြီး နားထောင်လေ့ရှိတာဟာ ကလေးတိုင်းရဲ့ သဘာဝလို့ ဆိုရမလိုပါပဲ။ ဒါကြောင့် ပရလောက သရဲ တ‌စ္ဆေ တွေအကြောင်း ရေးသားထားတဲ့ စာအုပ်တွေဟာလည်း ကလေးတွေရဲ့ စာဖတ်ချင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ စာဖတ်သက်အတော်အတန်ရလာကာမှ ရသဝတ္ထုလေး တွေနဲ့ ဂန္ဒီ၊ ချေဂွေဗားရား၊ ဗိုလ်ချုပ်အောင်ဆန်း၊ မာသာ ထရီဇာ စတဲ့ ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိ တွေကို ပေးဖတ်ခိုင်းသင့်ပါတယ်။ အဓိကကျတဲ့အချက် တစ်ခုကတော့ စာမဖတ်ချင်တဲ့ ကလေးတွေကို စာဖတ် ချင်စိတ်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက် ပါပဲ။ ဒီနေရာမှာတော့ ကလေးတစ်ဦးချင်းစီရဲ့ စရိုက်ပေါ် မူတည်ပြီး သူတို့လိုချင်တောင့်တတဲ့အရာနဲ့ မက်လုံးပေးစာဖတ်ခိုင်းဖို့လိုပါတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့် ညီလေးတွေ စာဖတ်ဝါသနာမပါတာကြောင့် စာအုပ်တစ်အုပ် ဖတ်ရင်ငွေတစ်ထောင်ပေးမယ်ဆိုပြီး မက်လုံးပေး စာဖတ် ခိုင်းပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က စခဲ့တဲ့ အဲဒီအစီအစဉ်ဟာ အောင်မြင်တယ်လို့ ဆိုရပါမယ်။ အခုဆို ကျွန်တော့်ညီလေးတွေဟာ စာအုပ်တွေကို ခုံမင်လာပြီး ကျွန်တော် အိမ်မှာမရှိလည်း သူတို့ဘာသာသူတို့ ယူဖတ် နေကြပါပြီ။ ကြည်နူးဝမ်းသာစရာ သိပ်ကောင်းပါတယ်။ အောင်မြင်သူတွေ၊ ထူးချွန်သူတွေ တော်တော်များများ ကတော့ "ဘဝမှာ ဆရာကောင်းသမားကောင်းတွေနဲ့ တွေ့ဆုံရခြင်းဟာကြီးစွားသော အချိုးအကွေ့တစ်ခုပဲ" လို့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးကျုးကြပါတယ်။ ဆရာကောင်းသမားကောင်းနဲ့ ဆုံတွေ့ခွင့်ရတဲ့ တပည့် တွေဟာ ထက်မြက်ထူးချွန်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြစမြဲပါပဲ။ မမှားသင့်တာ မမှားရအောင်၊ လုပ်သင့်လုပ်ထိုက်တာ လုပ်ရအောင်၊ ဆုံးမသင့်တာကို ဆုံးမပြီး သင့်တော်ရာရာကို လမ်းပြနေတတ်တဲ့ ဆရာတွေ ရဲ့ တပည့်ဖြစ်ရခြင်းလောက် ဂုဏ်ယူစရာကောင်းတာ မရှိပါဘူး။

ဒါကြောင့် ဆရာတွေအနေနဲ့ စာအုပ်တွေကိုချစ်တတ် ပြီး စာတွေကိုဖတ်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ ဖတ်သည့်အတိုင်းလည်း လိုက်နာကျင့်ကြံဖို့ လိုအပ်ပါတယ်။

 

ဆရာတွေမှ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေလည်း စာဖတ်ဖို့ လိုပါတယ်။ "ကမ္ဘာပတ်ချင်သလား စာဖတ်ပါ" ဆိုတဲ့ စကားတောင် ရှိသေးတာပဲလေ။ စာတွေကနေ သုတ၊ ရသ ဗဟုသုတအမျိုးမျိုး ခံစားရရှိနိုင်တာကြောင့် စာဖတ် ခြင်းဟာ ပိုမိုရင့်ကျက်တဲ့အတွေးအခေါ်တွေ ခံစားနိုင်စွမ်း တွေ ပေါက်ဖွားလာစေပါတယ်။ ယနေ့ခေတ်မှာဆိုရင်လည်း ကိုယ့်ရဲ့ သန်ရာသန်ရာ ဝါသနာဗီဇအလျောက် နှစ်သက်ရာ စာအုပ်အမျိုးမျိုး လွယ်လွင့်တကူ ဝယ်ယူဖတ်ရှုလို့ရနေပါပြီ။ ဒါကြောင့် စာဖတ်ကြပါ။

 

စာဖတ်ချိန်ကို သီးသန့်သတ်မှတ် ပေးထားပြီး နှစ်လိုဖွယ်ကမ္ဘာတစ်ခုမှာ ကိုယ်တိုင်ဝင်ရောက် စီးမျောခံစားလိုက်ပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

 

ကလေးတွေကို အမှန်နဲ့အမှား ခွဲခြားသိမြင်နိုင်အောင် လွပ်လပ်စွာ စဉ်းစားတွေးခေါ်တတ်လာအောင် ရည်မှန်းချက် အတိုင်း ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတတ်လာအောင် သူတို့ကိုယ် သူတို့ တန်ဖိုးထားတတ်လာအောင် ကိုယ်ချင်းစာစိတ် မွေးမြူတတ်လာအောင် တိုင်းပြည်ရဲ့ လူချွန်လူကောင်းတွေ ဖြစ်လာအောင် ဆရာတွေ ထမ်းပိုးထားရတဲ့ဝန်ဟာ သိပ်ကို ကြီးမားပါတယ်။ ဒါကြောင့် ဆရာတွေအနေနဲ့ စာပိုဖတ် ပေးကြဖို့ လိုပါတယ်။ ဖူးပွင့်စ ပန်းပင်ငယ်လေးတွေဟာ မျိုးဆက်သစ်လူငယ်လေးတွေဆိုရင် ပန်းပင်ငယ်လေးတွေ ကို ပြုစုပျိုးထောင်ပေးရတဲ့ ဥယျာဉ်မှူးတွေဟာ ဆရာ တွေနဲ့တူပြီး စနစ်တကျပျိုးထောင်တတ်ဖို့လည်း လိုအပ် ပါတယ်။ အခုလို ရေးသားတင်ပြရခြင်းဟာ စာမဖတ်တဲ့ ကျောင်းဆရာတွေကို ခနဲ့လိုတဲ့ သဘောထားမျိုးမပါဘဲ အားလုံးကို စာဖတ်စေချင်တဲ့ စိတ်မျိုးနဲ့ ရေးသားတင်ပြရ ခြင်းပဲဖြစ်ပါတယ်။ လူငယ်လေးတွေကို ထုဆစ်ပုံဖော်ခွင့် ရတဲ့ ကျောင်းဆရာတွေအနေနဲ့ စာအုပ်များကိုချစ်၍ အနာ ဂတ်တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် တစ်ဖက် တစ်လမ်းကနေပြီး သယ်ပိုးထမ်းရွက်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။ ။

ကြေးမုံ