ကျောက်တန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၂၅၀ နှင့် မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၈၆ ဒသမ ၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၄

ကျောက်တန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၂၅၀ တန်ဖိုးနှင့်မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၈၆ ဒသမ ၇ သိန်းတန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီး အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ကျောက်တန်းမြို့နယ် အမှတ်(၁)ရပ်ကွက် စက်မှုလမ်းတွင် ရွှေတောင်မြို့ နယ် လေးကျွန်းဆီမီးရွာနေ မရီရီ ဝင်း(၆၄)နှစ်၊ ကျောက်တန်းမြို့နယ် သီလဝါတိုးချဲ့ရပ်ကွက်နေ သန်းနိုင် (၆၃)နှစ်နှင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံ ရပ်ကွက်နေ စိုးနိုင်(၅၀)နှစ်တို့ သုံး ဦးထံမှ စိတ်ကြွဆေးပြား ၁၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၂၅၀) ဖမ်းဆီးရမိသဖြင့် မရီရီဝင်း၊ သန်းနိုင်နှင့် စိုးနိုင်တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။

အလားတူ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးညှင်းမြို့နယ် နန့်စီးအောင် ရွာအနီးတွင် ကသာမြို့နယ် စေတီကုန်းရွာနေသူများဖြစ်သည့် အောင်မင်းခိုင်(၃၄)နှစ် မောင်းနှင် ပြီး ကျော်သိန်းလှိုင်(၁၉)နှစ် လိုက်ပါလာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ နှစ်ဦး သယ်ဆောင်လာသည့် ဘိန်း စိမ်း ၃၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၆၀) ဖမ်းဆီးရမိခဲ့ပြီး ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗန်းမောက်မြို့နယ် ခမိုးရွာနေ မိုးလှိုင်(၄၉)နှစ် မောင်းနှင်လာသော CANDA 125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၄၈၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၂၂၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၂၆ ဒသမ ၇ သိန်း)နှင့် မြန်မာငွေကျပ် ၅ သိန်းတို့ကို ဖမ်းဆီးရမိခဲ့သဖြင့် အောင်မင်းခိုင်၊ ကျော်သိန်းလှိုင်နှင့် မိုးလှိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အသီးသီးအရေးယူထားကြောင်း သိရသည်။

သတင်းစဉ်