ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေး တတိယနေ့(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို မေးမြန်း

ကျောက်ဖြူ   အောက်တိုဘာ ၁၉

 

မောင်ကောင်းထက်ကျော်(အသက်-၁၄ နှစ်၊ အလယ်တန်းကျောင်းသား)

သားကတော့ အဌမတန်း၊ အထက(ခွဲ)အလက-၂၊ မြို့မကျောင်းမှာ ပညာသင်ကြားနေတာပါ ယခုကာကွယ်ဆေးကို သားမေမေနဲ့လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊ အသက် ၁၂ နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် အလွန်ကောင်းပါတယ်၊ ကာကွယ်ဆေး လူတိုင်းထိုးနှံပြီးရင်တော့ ကူးစက်ခံရမှု လျော့နည်းလာမယ်လို့ သားထင်ပါတယ်၊ ခုအချိန်အထိ သားတို့ မလိုအပ်ဘဲ အပြင်မထွက်ဖြစ်ဘူး လူစုလူဝေးလည်း ရှောင်ပါတယ်၊ လိုအပ်လို့အိမ်အပြင် ထွက်ရင်လည်း Mask ကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာပါတယ်၊ ကိုဗစ်ရောဂါကြောင့် ကျောင်းတွေယာယီ ပိတ်ထားပေမဲ့ သားအိမ်မှာပဲ ကျောင်းစာတွေတွေကို သူအချိန်နဲ့သူ လေ့လာနေပါတယ်၊ ကျောင်းတွေ ပြန်ဖွင့်ရင်တော့ သားတို့ပျော်ပါတယ်၊ ယခုလိုသားတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး တဲ့အတွက် နိုင်ငံတော်အစိုးနှင့် တာဝန်ရှိတွေကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

 

မဝင်ရတီအောင် (အသက်-၁၄ နှစ်၊ အလယ်တန်းကျောင်းသူ)

သမီးရဲ့အသက်က ၁၄ နှစ်ပါ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှာ နေထိုင်ပြီး မိဘတွေနဲ့အတူ ဆေးလာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်၊ အရင်ကတော့ လူကြီးတွေရယ် အသက် ၁၈ နှစ်အထက်တွေကို ကာကွယ်ဆေး ထိုးနှံပေးနေတာသိရပါတယ်၊ ယခု သမီးတို့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးတာ ဖြစ်တဲ့အတွက် သမီးတို့ရဲ့ အခွင့်အရေး မဆုံးရှုံးရအောင်ရယ်၊ ဆေးထိုးနှံပြီးလို့ ကျောင်းတွေပြန်ဖွင့်ရင် သူငယ်ချင်းတွေ ဆရာ၊ ဆရာမတွေနဲ့ ပြန်လည်ဆုံနိုင်ဖို့၊ ကျောင်းကို တစ်နှစ်တစ်တန်း တက်နိုင်ဖို့အတွက် သမီးပျော်ပါတယ်။ ဆေးထိုးနှံခွင့်ပေးတဲ့ နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဌာနတွေနဲ့ တာဝန်ရှိတွေကို ကျေးဇူးတင်ပါတယ်ရှင့်။ သူငယ်ချင်း၊ အစ်ကို၊ အစ်မ တွေကိုလည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

 

ဒေါ်မင်းမင်းအေး(အုပ်ထိန်းသူ)

အစ်မက အရာရှိရပ်ကွက်မှာ နေထိုင်ပါတယ်၊ ယခု သားကို ကာကွယ်ဆေးလာရောက် ထိုးနှံပေးတာပါ၊ သားကတော့ အများနဲ့ မတူဘူးပေါ့နော် G6PD ဆိုတဲ့ဓာတ်မတည့်တာ ရှိတဲ့အတွက် သမားတော်နှင့် တိုင်ပင်ပြီးမှ လာရောက် ထိုးဆေးနှံပေးတာပါ၊ ကလေးတွေကျောင်းတက်ရရင် ကူးစက်ခံရမှု ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့အတွက် ပိုပြီးစိတ်ချရတဲ့ အတွက်ကြောင့် အားလုံးကို ဆေးထိုးနှံစေချင်ပါတယ်၊ အားလုံးကို ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြဖို့ရယ်နဲ့ မိဘတွေအနေနဲ့ကလည်း ကိုယ်သားသမီးတွေကို ဒီရောဂါကြီးမှ ကြိုတင်ကာကွယ်နိုင်ရန်ဖို့အတွက် လာရောက်ထိုးနှံပေးကြဖို့ ပြောချင်ပါတယ်၊ အစ်မတို့ ကျောင်းထဲဝင်လာတာနဲ့ ပထမဆုံး သားတို့အတန်းပိုင် ဆရာမထံမှ မိဘမှတ်ပုံတင်နှင့်အတူ လက်မှတ်ထိုးနှံရပါတယ်ပြီးရင် သားတို့ကို ဆရာမတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက အပူချိန်တိုင်းတယ်၊ သွေးပေါင်ချိန်တိုင်းပေးတယ်၊  စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေ ရှိသူများသာ စာရင်းသွင်းပြီး ကာကွယ်ဆေးထိုးနှံပေးပါတယ်၊ ဒုတိယအကြိမ်ထိုးနှံရမည့်ရက်ကို တခါတည်းပေးပါတယ် ဆေးထိုး နှံပြီးလို့ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ဆရာမတွေက စနစ်တကျ ထိုင်ခိုင်းပြီး မိနစ် ၃၀ နားနေခိုင်းပြီးမှ မိမိအိမ်သို့ပြန် ခိုင်းတာတွေ့ရပါတယ် ခုလို့စနစ်တကျ ဆောင်ရွက်ပေးတဲ့အတွက်လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။

 

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောက်တိုဘာ ၁၇ ရက်တွင် အခြေခံပညာကျောင်း ၇၉ ကျောင်းကို စုရပ် ၁၆ ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၇၅၆ ဦး ထိုးနှံပေးခဲ့ပြီး၊ အောက်တိုဘာ ၁၈ ရက်တွင် အခြေခံပညာကျောင်း  ၆၇ ကျောင်းကို စုရပ်  ၁၂ ခု ဖြင့်  ကျောင်းသား၊ ကျောင်းသူ ၅၀၉၇ ဦး ထိုးနှံပေးပြီးဖြစ်ကာ အောက်တိုဘာ ၁၉ ရက်တွင်  စုရပ်(၁၅)ခုရှိ ကျောင်းအားလုံး ထိုးနှံပေးပြီးဖြစ်ကာ မြို့ပေါ်စုရပ် တစ်ခုတွင် ကျောင်း ၄ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၁၀ ဦးကို ဆက်လျက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာ ထံမှသိရသည်။

 

တွေ့ဆုံမေးမြန်းသူ- ဖြိုးဝေလင်း၊တင်ထွန်းဦး

ဓာတ်ပုံ-   ဖြိုးထွန်း