ကျောက်ဆည်မြို့နယ်၌  ဂန္ဓမာပန်းမျိုးစုံ စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိ

ကျောက်ဆည်  အောက်တိုဘာ   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဂန္ဓမာပန်းမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်းများစိုက်ရာတွင် စိုက်ပျိုးလိုသည့် ဂန္ဓမာပန်းပန်းမျိုးကွဲများဖြစ်သော ရွှေစိမ်းအနီ၊ ခိုင်ချူး၊ စပယ်အဖြူ၊ စပယ်အဝါ၊ ကျောက်စိမ်း၊ ရွှေဝါဝင်း စသည့် ပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှ ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ ပန်းပျိုးပင်အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးဝယ်ယူရကြောင်း၊ စိုက်ပျိုးပြီး လေးလအကြာတွင် ပန်းများ စတင်ရောင်းချရကြောင်း ဂန္ဓမာပန်းစိုက်ပျိုး ရောင်းချသူ ဦးမျိုးထွန်းက ပြောသည်။

ဂန္ဓမာပန်းများစိုက်ပျိုးရာ၌ အပင်သန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်နှင့် အရောင်အသွေးလှပစေရန်အတွက် ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေးများနှင့် မြေပြုပြင်ရပြီး ပန်းအမျိုးအစားနှင့် မြေအမျိုးအစားအလိုက် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊  ဂန္ဓာမာပန်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်ရေ ခြောက်သောင်းခန့် စိုက်ပျိုးနိုင်ပြီး အစိုဓာတ်မပြတ် ရေသွင်းပေးသည့်အပြင် ပိုက်များဖြင့် အပင်များအပေါ်သို့ ရေဖျန်းစိုက်ပျိုးပါက ပန်းပင်တစ်ပင်လုံး ရေရရှိသည့်အတွက် အရွက်များအမြဲစိမ်းလန်းကာ လှပသည့်ပန်းပင်များရရှိသည့်အတွက် ရောင်းချရာတွင် လူကြိုက်များပြီး အရောင်းတွင်ကျယ်ကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)