ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန် နည်းပညာများလွှဲပြောင်းပွဲ ကျင်းပ

ကျောက်ဆည် ဩဂုတ် ၃

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ကျန်းမာရေးဆိုင်ရာ ဇီဝထုတ်ကုန်များအတွက် နည်းပညာများလွှဲပြောင်းပေးအပ်ပွဲကို ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။ 

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က နည်းပညာလက်ခံယူမည့် လုပ်ငန်းရှင်များအနေဖြင့် လွှဲပြောင်းပေးအပ်လိုက်သည့် နည်းပညာများမှတစ်ဆင့် ပြည်တွင်းသုတေသနရလဒ်များကို အောင်မြင်စွာအသုံးချပြီး နိုင်ငံတော်၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော ရလဒ်များ ပိုမိုပေါ်ထွက်လာအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ဆက်လက်ပြီး ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာ အေးအေးခိုင်က ဇီဝထုတ်ကုန် နည်းပညာများ လွှဲပြောင်းခြင်းအတွက် သုတေသနပြုထုတ်လုပ် ထားသော သဘာဝအရင်းအမြစ်အခြေပြု အရည်အသွေးမြှင့် ထုတ်ကုန်ငါးမျိုးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထွန်းရွှေဝါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းသို့ နည်းပညာများ လွှဲပြောင်းပေးအပ်သည်။

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဘက်ဝင် အပင်များနှင့် သဘာဝသယံဇာတ အရင်းအမြစ်များကိုအခြေခံပြီး သိပ္ပံနည်းကျ သုတေသနပြု ဖော်ထုတ်ထားသည့် သဘာဝဖြည့်စွက်စာများ၊ အဆစ်အမြစ်အရောင်ကျလိမ်းဆေးနှင့် Bamboo Vinegar Scrub Soap အပါအဝင် အရည်အသွေးမြင့် သဘာဝထုတ်ကုန်နည်းပညာငါးမျိုးကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)