ကာလိ(၁) ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များ ကို ကျင့်သုံးလျက် ရှမ်းပြည်နယ် နမ့်စန်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၂၀၃၀ ဧကရှိသော နယ်မြေကို “ကာလိ(၁) ကြိုးပြင်ကာကွယ်တော” အဖြစ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) မှစ၍ သတ်မှတ်လိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေ၊ မြေ ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုကောင်းမွန် မျှတလာစေရန်၊ သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး ပြုစုထိန်းသိမ်းရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေများတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းလာနိုင်ခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံ တိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင် ကာကွယ်တောကို သတ်မှတ်ခြင်းဖြစ်ပါသည်။

 

ကာလိ(၁) ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော အင်ကြင်း၊ သစ်ရာ၊ ထောက်ကြံ့၊ သစ်စေး၊ ဆီးဖြူ၊ ဖန်ခါး၊ သစ်ယား၊ သစ်မကျီး၊ ရင်းတိုက်၊ ရင်းစပ်၊ လက်ပံပင် များ ပေါက်ရောက်ပြီး ဝါးပိုးဝါး၊ မြင်ဝါး၊ သိုက်ဝါးများ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဝက်ဝံ၊ ယုန်၊ တောဝက်၊ ချေ၊ တောကြောင်၊ ကြက်တူရွေး၊ ဗျိုင်းငှက်များ၏ နေရင်းဒေသများထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတတ်မှု အထောက်အကူပြုနိုင် ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန