ကိုသန့် (Wheel-turning)
စာအုပ်တစ်အုပ် ရေးသားပြီးသွားပြီဆိုပါစို့။ စာမူကို တည်းဖြတ်ပြီးပြီ။ မျက်နှာဖုံးလည်း ဒီဇိုင်းဆွဲပြီးပြီ။ ပုံနှိပ်တိုက်ကို ပို့ဖို့အသင့်ဖြစ်နေ ပြီ။ ထိုအချိန်တွင် စာရေးသူအသစ်များ မကြာခဏကြုံရသည့် မေးခွန်း တစ်ခု ပေါ်လာတတ်သည်။
“ISBN ယူပြီးပြီလား”
တချို့က ISBN ကို စာအုပ်အဖုံးနောက်ကျောတွင် ဘားကုဒ်နှင့် အတူတွေ့ရသည့် နံပါတ်တစ်ခုဟု သိထားကြသည်။ တချို့က စာအုပ်မှတ်ပုံတင်နံပါတ်ဟု နားလည်ထားကြပြီး တချို့က ISBN ရှိမှ မူပိုင်ခွင့်ရသည်ဟု ထင်တတ်ကြသည်။ အမှန်တကယ်တွင် ISBN ၏ အဓိပ္ပာယ်နှင့် အလုပ်လုပ်ပုံသည် ထိုထက်ပိုမိုတိကျသည်။
ISBN ဆိုတာ ဘာလဲ
ISBN ဆိုသည်မှာ International Standard Book Number ၏ အတိုကောက်ဖြစ်သည်။ ယနေ့အသုံးပြုနေသော ISBN သည် ဂဏန်း ၁၃ လုံးပါဝင်သည့် နိုင်ငံတကာစံ ခွဲခြားသတ်မှတ်အမှတ်အသား (identifier) တစ်ခုဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော သီးခြား ထုတ်ဝေမှုတစ်ခုကို တိကျစွာဖော်ထုတ်ရန် အသုံးပြုသည်။
အလွယ်ဆုံးပြောရလျှင် ISBN သည် စာအုပ်အမည်ကိုသာ ညွှန်းသည့် နံပါတ်မဟုတ်ပါ။ စာအုပ်အမည်တူနိုင်သည်၊ စာရေးသူ အမည်တူနိုင်သည်၊ ထုတ်ဝေသူ မတူနိုင်၊ ထုတ်ဝေမူ (edition) မတူနိုင်၊ ထုတ်ဝေမှုပုံစံ (format) မတူနိုင်။ ထို့ကြောင့် “မည်သည့်ထုတ်ဝေမှု ကို ရည်ညွှန်းနေသနည်း” ဆိုသည့်မေးခွန်းကို စနစ်များက တိကျစွာ ဖြေရှင်းနိုင်ရန် စံသတ်မှတ်ထားသော identifier လိုအပ်လာသည်။ ISBN က ထိုတာဝန်ကို ထမ်းဆောင်ပေးသည်။
ISBN-13 ၏ ဖွဲ့စည်းပုံ
ISBN-13 သည် ကျပန်းရွေးထားသော ဂဏန်း ၁၃ လုံးမဟုတ်ပါ။ ၎င်းတွင် Prefix Element၊ Registration Group Element၊ Registrant Element၊ Publication Element နှင့် Check Digit ဟူသော အပိုင်း ငါးပိုင်း ပါဝင်သည်။ Registration Group Element သည် နိုင်ငံ၊ ပထဝီဒေသ၊ ဘာသာစကား သို့မဟုတ် သတ်မှတ်ထားသော registration group တစ်ခုနှင့် ဆက်စပ်နိုင်သည်။ Registrant Element က ထုတ်ဝေသူ သို့မဟုတ် registrant ကို ဖော်ထုတ်ရာတွင် အသုံးဝင် ပြီး Publication Element က သက်ဆိုင်ရာ သီးခြားထုတ်ဝေမှုကို ခွဲခြားပေးသည်။ နောက်ဆုံး Check Digit က နံပါတ်၏တိကျမှုကို စစ်ဆေးပေးသည်။
စာအုပ်တစ်အုပ်မှာ ISBN တစ်ခုရှိရုံနဲ့ အမြဲမပြီးနိုင်ပါ
စာရေးသူများ သိထားသင့်သည့် အရေးကြီးဆုံးအချက်တစ်ခုမှာ ထုတ်ဝေမူနှင့် ထုတ်ဝေမှုပုံစံမတူပါက သီးခြား ISBN လိုအပ်နိုင်ခြင်းဖြစ်သည်။ ဥပမာ စာအုပ်တစ်အုပ်ကို အဖုံးပျော့(paperback) နှင့် အဖုံးမာ (hardcover) နှစ်မျိုးထုတ်ဝေပါက စာအုပ်အမည်နှင့် အကြောင်းအရာတူနိုင်သော်လည်း စျေးနှုန်း၊ ထုတ်လုပ်မှု၊ သိုလှောင်စာရင်းနှင့် မှာယူမှုတို့မှာ သီးခြားကုန်ပစ္စည်းများအဖြစ် စီမံရနိုင်သည်။ ထို့ကြောင့် product form မတူသည့် ထုတ်ဝေမှုများကို သီးခြားဖော်ထုတ်ရန် ISBN သီးခြားသတ်မှတ်ရသည်။
သို့သော် စာလုံးပေါင်းအမှား သေးသေးလေးပြင်ခြင်းကဲ့သို့ အသေးစားပြင်ဆင်မှုတိုင်းအတွက် ISBN အသစ်မလိုပါ။ အကြောင်းအရာနှင့် ထုတ်ဝေမူမပြောင်းဘဲ ရိုးရိုးပြန်လည်ပုံနှိပ်ခြင်း (reprint) သာဖြစ်ပါက ပုံမှန်အားဖြင့် ယခင် ISBN ကို ဆက်သုံးနိုင်သည်။ သိသာထင်ရှားစွာ ပြင်ဆင်ထားသော revised edition သို့မဟုတ် edition အသစ်တစ်ခုဖြစ်လာပါက ISBN အသစ်လိုအပ်နိုင်သည်။
ISBN ရှိတာနဲ့ မူပိုင်ခွင့်ရပြီလား
မဟုတ်ပါ။ ISBN သည် မူပိုင်ခွင့်ကာကွယ်မှုမပေးပါ။ ISBN သည် ထုတ်ဝေမှုကို ခွဲခြားသတ်မှတ်ရန် အသုံးပြုသည့် identifier ဖြစ်သည်။ မူပိုင်ခွင့်သည် ဖန်တီးမှုလက်ရာအပေါ် ဥပဒေဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့်သီးခြားကိစ္စဖြစ်သည်။ ထို့ကြောင့် ISBN ရရှိခြင်းကို မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် တစ်ခုတည်းဟု မယူဆသင့်ပါ။
ISBN နဲ့ ဘားကုဒ် တူသလား
မတူပါ။ ISBN သည် နံပါတ်ဖြင့်ခွဲခြားသတ်မှတ်သည့် identifier ဖြစ်ပြီး ဘားကုဒ်သည် ထိုနံပါတ်အချက်အလက်ကို စက်ဖြင့်ဖတ်ရှုနိုင်အောင် ကိုယ်စားပြုထားသည့် machine-readable ပုံစံတစ်ခုဖြစ်သည်။ စာအုပ်ဆိုင်တွင် ဘားကုဒ်ကို scanner ဖြင့်ဖတ်လိုက်သော အခါ POS စနစ်က သက်ဆိုင်ရာ product record နှင့် ချိတ်ဆက်ပြီး စျေးနှုန်း၊ သိုလှောင်မှုအခြေအနေ စသည့်အချက်အလက်များကို အသုံးပြုနိုင်သည်။
ISBN ရှိခြင်းက ဘာအကျိုးရှိသလဲ
ISBN က စာအုပ်ကို ထုတ်ဝေသူ၊ ဖြန့်ချိသူ၊ စာအုပ်ဆိုင်၊ အွန်လိုင်း စာအုပ်ဆိုင်နှင့် စာကြည့်တိုက်တို့၏ စနစ်များအတွင်း တိကျစွာ ရည်ညွှန်းနိုင်စေသည်။ စာအုပ်အမည်တူမှုကြောင့် ဖြစ်နိုင်သည့် ရှုပ်ထွေးမှုကို လျှော့ချပေးပြီး ထုတ်ဝေမူနှင့် format များကို ခွဲခြား နိုင်စေသည်။ Order၊ inventory၊ catalogue နှင့် metadata စနစ်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုရာတွင်လည်း အရေးပါသည်။
အဓိကအားဖြင့် ISBN သည် စာအုပ်တစ်အုပ်ကို “လူတွေသိတဲ့ စာအုပ်” မှ “စနစ်တွေပါ တိကျစွာသိနိုင်တဲ့ publication” တစ်ခု ဖြစ်လာအောင် ကူညီပေးသည်။
ISBN ရှိရုံနဲ့ ကမ္ဘာတစ်ဝန်း အလိုအလျောက်ရှာတွေ့နိုင်ပြီလား
မဟုတ်ပါ။ ISBN ရှိခြင်းသည် အရေးကြီးသော်လည်း စာအုပ် ခေါင်းစဉ်၊ စာရေးသူ၊ ထုတ်ဝေသူ၊ ထုတ်ဝေသည့်နေ့စွဲ၊ edition၊ format၊ ဘာသာစကား၊ မျက်နှာဖုံး၊ ဖော်ပြချက်၊ စျေးနှုန်းနှင့် ရရှိနိုင်မှု အခြေအနေ စသည့် မက်တာဒေတာများကို သက်ဆိုင်ရာ retail၊ bibliographic နှင့် distribution systems များသို့ မှန်ကန်စွာ ပေးပို့စီမံရန်လည်း လိုအပ်သည်။ ISBN က တံခါးဖွင့်ပေးသည့် သော့တစ်ချောင်းဖြစ်နိုင်သည်။ တံခါးဖွင့်ပြီးနောက် စာအုပ်ကို ဘယ်နေရာသို့ရောက်စေမည်ဆိုသည်ကို မက်တာဒေတာနှင့် ဖြန့်ချိရေးက ဆက်လုပ်ပေးရသည်။
စာရေးသူက ISBN ကို ဘယ်အချိန်မှာ စဉ်းစားသင့်သလဲ
စာအုပ်ပုံနှိပ်ပြီးမှ ISBN အကြောင်း စဉ်းစားခြင်းထက် ထုတ်ဝေမှု အစီအစဉ်ဆွဲသည့်အချိန်ကတည်းက စဉ်းစားထားသင့်သည်။ ဘယ်သူက ထုတ်ဝေသူဖြစ်မလဲ၊ အဖုံးပျော့လား အဖုံးမာလား၊ e-book ပါ ထုတ်မလား၊ edition တစ်မျိုးထက်ပိုရှိမလား၊ ဘယ်ဈေးကွက်တွင် ဖြန့်ချိမလဲ၊ metadata ကို ဘယ်လိုစီမံမလဲ၊ ISBN ကို ဘယ်သူက တာဝန်ယူလျှောက်ထားမလဲဆိုသည့် မေးခွန်းများကို ကြိုတင်ဖြေထားနိုင်လျှင် ထုတ်ဝေရေးအဆင့်တွင် ဖြစ်လာနိုင်သည့်အမှားများကို လျှော့ချနိုင်သည်။
ISBN ကို နံပါတ်တစ်ခုအဖြစ်သာ မမြင်သင့်
စာရေးသူအတွက် အရေးအသားက အရေးကြီးသည်။ ထုတ်ဝေသူအတွက် production က အရေးကြီးသည်။ စာအုပ်ဆိုင်အတွက် inventory၊ စာကြည့်တိုက်အတွက် cataloguing၊ အွန်လိုင်းစာအုပ်ဆိုင် အတွက် metadata၊ ဖြန့်ချိသူအတွက် product identification က အရေးကြီးသည်။ ထိုအရာအားလုံးကြားတွင် သီးခြားထုတ်ဝေမှုတစ်ခုကို တိကျစွာရည်ညွှန်းပေးနိုင်သည့် စံအမှတ်အသားတစ်ခုလိုသည်။ ISBN က ထိုနေရာ၌ဝင်လာသည်။
စာရေးသူ၏အလုပ်သည် နောက်ဆုံးစာကြောင်းကို ရေးပြီးသည့် နေရာ၌ အဆုံးမသတ်သေးပါ။ စာအုပ်တစ်အုပ် စာဖတ်သူ၏လက်ထဲသို့ စနစ်တကျ ရောက်ရှိသွားသည့်အချိန်အထိ publishing journey က ဆက်ရှိနေသေးသည်။ ထိုခရီးတွင် ISBN သည် ဂဏန်း ၁၃ လုံးသာ ဖြစ်နိုင်သော်လည်း ၎င်း၏နောက်ကွယ်တွင် စာအုပ်တစ်အုပ်၏ သီးခြားထုတ်ဝေမှုအမှတ်အသား၊ ဒေတာစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ စာအုပ်ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးရှိနေကြောင်း တင်ပြလိုက်ရပါသည်။ ။


