ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် တိုက်ခိုက်ပြီးနောက် တူကီယဲနိုင်ငံက နည်းပညာကူညီပေးမည်

အန်ကာရာ   စက်တင်ဘာ   ၂၀

ဆော်ဒီအာရေဗျနိုင်ငံအပေါ် ဟူသီအဖွဲ့က ပြုလုပ်ခဲ့သော စစ်ရေးအရတိုက်ခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် တူကီယဲနိုင်ငံက မက္ကာပူးတွဲကာကွယ်ရေး သဘောတူညီချက်အရ မိမိတို့၏ ကတိကဝတ်ကို လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် နည်းပညာအကူအညီများလည်းပေးမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး  ဟာကန်ဖီဒန်က ယမန်နေ့က ပြောကြားခဲ့သည်။

မက္ကာသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံများက ဆော်ဒီအာရေဗျနိုင်ငံအပေါ် ဟူသီအဖွဲ့၏ တိုက်ခိုက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဝန်ကြီး ဟာကန်ဖီဒန်က ရုပ်သံလိုင်းမှတစ်ဆင့် ပြောကြား ခဲ့သည်။

ဟူသီတို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မက္ကာသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း  ၎င်းက  ဆက်လက်ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ စစ်ရေးအကူအညီလိုအပ်ချက်များသည် အချို့သော နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အဓိကထားဖွယ်ရှိပြီး  တူကီယဲနိုင်ငံအနေဖြင့်  အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။

မက္ကာသဘောတူညီချက် အကောင်အထည်ဖော်မှု နှေးကွေးနေသည်ဟူသော ပြောဆိုချက်များကို တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပယ်ချခဲ့ပြီး အဆိုပါမဟာမိတ်အဖွဲ့သည် ဒေသတွင်းရှိ နိုင်ငံများအတွက် ပွင့်လင်းမြင်သာမှုရှိကာ “အသွင်ကူးပြောင်းရေးဆိုင်ရာ ပလက်ဖောင်းတစ်ခု” ဖြစ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။

မက္ကာပူးတွဲကာကွယ်ရေး  သဘောတူညီချက်ကို သြဂုတ် ၇ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ဆော်ဒီအိမ်ရှေ့ မင်းသားနှင့် ဝန်ကြီးချုပ် မိုဟာမက်ဘင် ဆာလမန်၊ တူကီယဲသမ္မတ အာဒိုဂန်နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ် ရှရစ်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းသည် နိုင်ငံအားလုံးကို တိုက်ခိုက်ခြင်းအဖြစ် သတ်မှတ်မည်ဖြစ်သည်။

မကြာသေးမီလများအတွင်း ဆော်ဒီအာရေဗျနိုင်ငံနှင့် ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့တို့အကြား  အပြန်အလှန်တိုက်ခိုက်မှုများ  ထပ်လဲလဲပြုလုပ်ခဲ့ကြသဖြင့် တင်းမာမှုများမြင့်တက်လာခဲ့သည်။

 ဆင်ဟွာ