ဟံသာဝတီနှင့် ရန်ကုန် သရေကျပြီး ဧရာဝတီနှင့် ရှမ်းယူနိုက်တက် နိုင်ပွဲဆက်

စက်တင်ဘာ ၁၉

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဟံသာဝတီနှင့် ရန်ကုန်အသင်း သရေကျပြီး ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ဟံသာဝတီအသင်းသည် ယခုပွဲသရေရလဒ်ကြောင့် ဇယားထိပ်ဆုံးမှ ဧရာဝတီအသင်းနှင့် နှစ်မှတ်ကွာဟသွားသော်လည်း ချန်ပီယံလမ်းကြောင်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။ နာမည်ကြီး ရန်ကုန်အသင်းမှာမူ ယခုပွဲသရေရလဒ်ကြောင့် ထိပ်ဆုံးမှ ဧရာဝတီနှင့် ကိုးမှတ်ကွာဟသွားပြီး သုံးပွဲသာ ကျန်တော့သောကြောင့် ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်ရန် သေချာသလောက်ဖြစ်သွားခဲ့သည်။

နှစ်သင်းစလုံး အမာခံကစားသမားများအပါအဝင် လူစုံနီးပွဲထုတ်ခဲ့ပြီး ရန်ကုန်အသင်းသည် ဒဏ်ရာပြဿာနာရှိနေသည့် မောင်မောင်လွင်ကို ဒုတိယပိုင်းမှအသုံးပြုကာ ပွဲပယ်ခံထားရသည့် ထိုက်ထိုက်အောင်နေရာတွင် သူရိန်စိုးကို အသုံးပြုသည်မှလွဲ၍ ဦးမင်းထွန်းလင်းလက်ထက်တွင် ပုံမှန်အသုံးပြုနေသည့် ပွဲထွက်လူစာရင်းအတိုင်း ဆက်လက်ပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းမှာလည်း နိုင်ပွဲရယူနိုင်ရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်အသင်းထက် ဂိုးသွင်းခွင့်ပိုရခဲ့သည်။ ကွင်းလယ်ကစားသမား အောင်လှိုင်ဝင်း၏ကန်ချက် တိုင်ထိထွက်သွားသလို ဒိုနယ်နှင့် အီမီကာတို့လည်း ဂိုးသွင်းခွင့်အသုံးမချနိုင်၍ ဟံသာဝတီအသင်း နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် မောင်မောင်လွင်ဝင်လာသောကြောင့် ရန်ကုန်တိုက်စစ်ပြန်ကောင်းလာပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သည်။ မောင်မောင်လွင် ဂိုးရနိုင်သည့်အပိုင်အခွင့်အရေးနှစ်ကြိမ်ရသော်လည်း အသုံးမချနိုင်၍ နစ်နာခဲ့ရသည်။ ဟံသာဝတီအသင်းမှာလည်း ဂိုးသွင်းခွင့်များကို အသုံးမချနိုင်၍ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက အားကာသိပ္ပံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံလမ်းကြောင်းပေါ်တွင်ရှိနေသည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရှစ်ပွဲဆက်အနိုင်ရခဲ့သည့်အပြင် ဒုတိယနေရာမှ ဟံသာဝတီအသင်းလည်း သရေကျခဲ့သောကြောင့် ရမှတ်ကွာဟမှုကျဉ်းမြောင်းနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၂၊ ၉၀+၂ မိနစ်တွင် ဒွေးကိုကိုချစ်၊ ၄၁ မိနစ်တွင် ရဲမင်းသူတို့က သွင်းယူပြီး အားကာသိပ္ပံအတွက် ချေပဂိုးကို ၃၉ မိနစ်တွင် ခင်ကျော်ဝင်းက သွင်းယူခဲ့သည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် ဧရာဝတီအသင်းသည် ဒုတိယနေရာမှ ဟံသာဝတီအသင်း ပွဲကျပ်ကစားရမှုကို အသုံးချကာ နှစ်မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ၅၅ မိနစ်တွင် ရဲဝင်းလှိုင်က ရခိုင်အတွက် ဂိုးစတင်သွင်းယူခဲ့သောကြောင့် ဧရာဝတီအသင်း နောက်မှလိုက်ကစားခဲ့ရသော်လည်း ၆၅ မိနစ်တွင် ရခိုင်ကစားသမား သက်ထွန်းအောင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ချေပဂိုးပြန်ရခဲ့သည်။ ဧရာဝတီအတွက် အနိုင်ဂိုးကို ၆၉ မိနစ်တွင် စိုးမိုးကျော်က သွင်းယူခဲ့သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်