ဟင်္သာတ - ဆုံကုန်း - မြန်အောင်လမ်း လမ်းပခုံးနှစ်ဖက် ကွန်ကရစ်ခင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ပုသိမ် ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတ - ဆုံကုန်း - မြန်အောင်လမ်း ၁ မိုင် ၁ ဖာလုံမှ ၁ မိုင် ၇ ဖာလုံအထိ ခြောက်ဖာလုံအား လမ်းပခုံးနှစ်ဖက် ကွန်ကရစ်ခင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်း‌ ဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရေစီးရေလာကောင်းမွန်စေရေးအတွက် အေးမြသာယာရပ်ကွက် အင်္ဂပိုလမ်းတစ်လျှောက်နှင့် မင်းရဲကျော်စွာလမ်းတစ်လျှောက်ရှိ ရေမြောင်းများအတွင်း အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း များဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးတိုင်များရှိ အမြင်မတင့်တယ်သောကြိုးများ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး အလှူငွေ လက်ခံရယူသည်။

အဆိုပါခရီးစဉ်အတွင်း ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုအား steel cable groyne ပေ ၂၅၀ ဆောင်ရွက်မှုနှင့် သဲအိတ်ဆွဲ သစ်ကိုင်းများချထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြစ်ရေတိုက်စား မှုကြောင့် ရေပေါက်ကြီးကျေးရွာမှ ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ် ၁၉ လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သော ထောက်ပံ့ငွေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သော ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

အလားတူ ဧရာဝတီ - ဟင်္သာတတာ (ညောင်ပင်သာ ပန်းတာ)တာမိုင် (၃၀/၀)မှ (၃၀/၃) နေရာအား ရေခွေပြုလုပ်ကာကွယ်ခြင်း၊ သဲအိတ်ချတာခြေထောက် အားဖြည့်ဆောင်ရွက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)