ရန်ကုန် အောက်တိုဘာ ၂
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကျင်းပသည့် ဟိုတယ်လုပ်ငန်းသုံးပစ္စည်းပြပွဲနှင့် "7th MEMBERS GALA DINNER 2026" ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max ဟိုတယ်၌ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အစိတ်အပိုင်း တစ်ခုဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းများတွင် ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေး၊ လုံခြုံစိတ်ချရမှု၊ အာမခံချက်ရှိမှုနှင့် အဆင်ပြေစေမှုတို့ကို အဓိကထား၍ စနစ်တကျ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ အဓိကလုပ်ငန်းစဉ် ဌာနများ၏ အခန်းကဏ္ဍ - Front Office, Housekeeping, Food & Beverage နှင့် Culinary စသည့် အဓိကဌာနများ၏ ဝန်ဆောင်မှုအဆင့်အတန်း မြင့်မားလာစေရန် အသင်းကြီးက ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းများရေရှည်တည်တံ့စေရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် စိန်ခေါ်မှုများကို အားသွန်ခွန်စိုက် ရင်ဆိုင်ကျော်လွှားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်)ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားပြီးအခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော Diamond Sponsor နှင့် Platinum Sponsor ကုမ္ပဏီများဖြစ်ကြသည့် Tint Sapai Trading Company၊ Flymya Halal OTA နှင့် BIM Group of Companies တို့၏ Product Presentation အဖြစ် ပြုလုပ်ဆောင်ရွက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် Hotel Excellence Award - Short Video ကို ပြသကာ Hotel Excellence Award 2026 ဆုရရှိသူများအား ဆုဖလားနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်


