ဟိုပုံး ဩဂုတ် ၆
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အစားထိုးဝင်ငွေ ရရှိနိုင်မည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး၊ ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ကော်ဖီနှင့် ပြောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရေး၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် အဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ Mae Fah Luang Foundation (CEO)နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး၌ ပြုလုပ်ပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးကို အထောက်အကူပြုနိုင်မည့် အစားထိုးသီးနှံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စိုက်ပျိုးထုတ်လုပ်မည့် သီးနှံများအတွက် ဈေးကွက်ချိတ်ဆက်မှု၊ နည်းပညာပံ့ပိုးမှုနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ ကော်ဖီနှင့် ပြောင်းသီးနှံများကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်များ ဖော်ဆောင်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)


