ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် ဓာတ်ပြုရာတွင် အက်တမ်အဖြစ် ပြိုကွဲပြီး ဓာတ်ပြုလေ့ရှိသည်ဟု ယူဆထားခဲ့ရာ ယခု ကွန်ပျူတာ မိုဒယ်အသစ်တစ်ခုအရ မော်လီကျူးအဖြစ်လည်း ဓာတ်ပြုပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို မက်သနောအဖြစ် ပြောင်းလဲပေးနိုင်သည့် အရေးပါသောဓာတုဖြစ်စဉ်တွင် ထိုနည်းလမ်းအတိုင်း ဓာတ်ပြုကြောင်း တွေ့ရှိခဲ့ကြသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ကို အရေးပါသောလောင်စာတစ်မျိုးဖြစ်သည့် မက်သနောအဖြစ် ပြောင်းလဲရာတွင် ဟိုက်ဒရိုဂျင်နှင့်ပေါင်းပြီး ဓာတ်ကူပစ္စည်းအချို့ ထည့်ပေးရသည်။ သို့သော် အိန္ဒိယသိပ္ပံ အင်စတီကျုမှ သုတေသီများ ကွန်ပျူတာ မိုဒယ်ဖြင့် ခန့်မှန်းချိန်တွင်မူ မက်သနောထွက်မလာဘဲ ဖော်မစ်အက်စစ်သာထွက်လာသည့် အမှားအယွင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအချိန်တွင် အဆင့်မြှင့်တင်ထားသည့် ကွန်ပျူတာမိုဒယ်က အမှန်အတိုင်းတွက်ထုတ်ပေးနိုင်သည့်အပြင် ထိုဓာတုတုံ့ပြန်မှုဖြစ်စဉ်၌ ဟိုက်ဒရိုဂျင်သည် မော်လီကျူးအဖြစ် ဓာတ်ပြုခဲ့ခြင်းဖြစ်ကြောင်း တွေ့မြင်ရစေခဲ့သည်။
အိန္ဒိယ သိပ္ပံအင်စတီကျု ဓာတုအင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ အနတ်သ် ဂိုဗင်း ရာဂျန်က “အစပိုင်းမှာ ဓာတုတုံ့ပြန်မှု ၁၅၂ မျိုးနဲ့စမ်းသပ်တော့ အမှားအယွင်းဖြစ်ပြီး ဖော်မစ်အက်စစ် ထွက်တယ်လို့ပဲ ပြနေတာပါ။ မက်သနောထွက်မလာပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုက် သုံးစွဲမှုကလည်း လျော့နေပါတယ်။ ကျွန်တော်တို့က ဓာတုတုံ့ပြန်မှုကို ထောင်နဲ့ချီတဲ့နည်းလမ်းတွေ ထည့်လိုက်တဲ့အချိန်ကျမှ လက်တွေ့လုပ်တဲ့အချိန်မှာ ထွက်လာတဲ့အတိုင်း ကွန်ပျူတာ မိုဒယ်က ထုတ်ပြနိုင်တာပါ”ဟု ရှင်းပြသည်။
စာတမ်းရေးသားရာတွင် ပါဝင်သည့် ပါရဂူကျောင်းသား ရှီဗမ်ချာတူး ဗေဒီကလည်း “ဟိုက်ဒရိုဂျင်က မော်လီကျူးအဖြစ် တုံ့ပြန်တယ်ဆိုတာ ကျွန်တော်တို့သင်ခဲ့ရတဲ့ စာတွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်”ဟု ဆိုသည်။
ယခု ကွန်ပျူတာမိုဒယ်အသစ်မှာ ဓာတ်ပြုနည်းပေါင်း ၉၃၈၉ မျိုးအထိ ပုံဖော်ပေးနိုင်ပြီး ကွမ်တမ်မက္ကင်းနစ် တွက်ချက်မှုများကိုပါ ထည့်သွင်းနိုင်ခဲ့သည်။ ယခုတွေ့ရှိမှုကြောင့် ဓာတ်ကူပစ္စည်းပုံစံကို ပိုကောင်းအောင်လုပ်နိုင်မည့် နည်းလမ်းများရှာတွေ့ရန် အလားအလာရှိလာသလို အန္တရာယ်ပေးသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးဝင်သည့် လောင်စာအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ရန် နောက်ထပ်အလားအလာများကိုလည်း အားကောင်းလာစေသည်။
Ref: scitechdaily


