ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် အွန်လိုင်းပြိုင်ပွဲ မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်

ရန်ကုန် ၃၁ ဇန်နဝါရီ

ထိုင်းနိုင်ငံတွင် ကျင်းပ‌နေသည့် ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် Heroes Taekwondo International League ၂၀၂၁ အွန်လိုင်းပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက်က မြန်မာတိုက်ကွမ်ဒို ကလပ်များမှ အားကစားသမားများ အွန်လိုင်းမှ တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

“ဟီးရိုး Cup အသင်းဟာ တကယ်‌တော့ မ‌လေးရှား၊ ထိုင်း၊ တရုတ်အသင်း ဖွဲ့ထားတာပါ။ ကျွန်‌တော်တို့မြန်မာနိုင်ငံလည်း ပါ၀င်ပါတယ်။ ဂရုအသင်းက နှစ်စဥ်နှစ်တိုင်း ပြိုင်ပွဲကြီးတွေ ကျင်းပတယ်။ အ‌ရှေ့တောင်အာရှတွင် မဟုတ်ဘဲ အာရှ၊ ကမ္ဘာ့နိုင်ငံများလည်း ပါ၀င်ကြပါတယ်။ ဒီပြိုင်ပွဲ တဖြည်းဖြည်းနဲ့ စံချိန်တွေ၊ ငွေကြေးတွေမြင့်လာတယ်။ ဒီပြိုင်ပွဲ၀င်ပြိုင်ရတာ ကစားသမားတစ်ယောက်ကို ဒေါ်လာ ၃၀ ပေးရပါတယ်။ ကိုဗစ်ကာလဆို‌တော့ လေယာဉ်ခ၊ စားစရိတ်ကုန်ကျစရိတ် မရှိဘူး။ သွားပြိုင်ရင် ၁၀ ယောက်ခန့်လောက်ပဲ ၀င်ပြိုင်နိုင်တယ်။ ဒါ့ကြောင့် စုပေါင်းလေ့ကျင့်ထားတဲ့ ကလပ်တွေနဲ့ လှုပ်ရှားမှုတစ်ခုအ‌နေနဲ့ ဒီပြိုင်ပွဲကို ပေါ်စေချင်လို့ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီမှ နည်းပြချုပ် ဦးကျော်သန်းဦးက ပြောသည်။

ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ် ၂၀၂၁ ပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်မှ ၃၁ ရက်ထိ နှစ်ရက်တာကျင်းပခဲ့ရာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံပေါင်း ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံတကာတိုက်ကွမ်ဒိုပြိုင်ပွဲတွင် Video upload ဖြင့် ရိုက်ကူး၍ ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲ၊ ရုပ်သံမှ တိုက်ရိုက်(Live) ဖြင့် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးဖြစ်ကြောင်း သိရသည်။

"ဒီပြိုင်ပွဲမှာ မြန်မာက ခါးစီးအနီနဲ့ အထက်တွေပေါ့၊ အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်။ စီနီယာတန်း အသက် ၅၀ အထက် ဆရာမတွေလည်းပါတယ်။ သက်တန်းအလိုက် ကလေးတွေလည်းပါတယ်” ဟု ဟီးရိုးတိုက်ကွမ်ဒို အင်တာနေရှင်နယ်လိဂ်ဒိုင်၊ အောင်ဆန်းကလပ်မှ နည်းပြကိုဆန်းရှိန်သက်က ပြောသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အောင်ဆန်းတိုက်ကွမ်ဒိုအသင်း၊ Dragon တိုက်ကွမ်ဒိုအသင်း၊ ရွှေပြည်သာတိုက်ကွမ်ဒိုအသင်း၊ အေဘီစီတိုက်ကွမ်ဒိုအသင်း၊ ပြည်ထဲရေးတိုက်ကွမ်ဒိုအသင်းများမှ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အာကာစိုး၊ ဓာတ်ပုံ- တင်စိုး