ဟောင်ကောင်၌ ရဲတပ်ဖွဲ့ ဆန္ဒပြပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်

ဟောင်ကောင် နိုဝင်ဘာ ၁၁

ဟောင်ကောင်၌ ဆန္ဒပြမှုများဖြစ်ပွားနေချိန် ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတစ်ဦးကို နိုဝင်ဘာ ၁၁ ရက်က သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်း ဟောင်ကောင်ရဲများက ပြောကြားလိုက်သည်။

သေနတ်ဖြင့် ပစ်ခံလိုက်ရသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။ ဗီဒီယိုဖိုင် မှတ်တမ်းတစ်ခု၌ ရဲအရာရှိတစ်ဦးသည် အမျိုးသားတစ်ဦးကို မပစ်ခတ်မီ အဆိုပါအမျိုးသားနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုကို တွေ့ရသည်။

ထိုသို့ဖြစ်ပြီးနောက်တွင် ရဲအရာရှိသည် နောက်ထပ်ဆန္ဒပြသူနှစ်ဦးကိုလည်း သေနတ်ဖြင့်နှစ်ချက်ပစ်ခတ် ခဲ့သေးကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုသည် ဟောင်ကောင်မြို့တစ်ဝန်းတွင် ရဲများနှင့်ဆန္ဒပြသူများအကြား ပြင်းထန်သည့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများအနက် တစ်ခုဖြစ်လာခဲ့သည်။ ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များနှင့် ငရုတ်ကောင်းဖျန်းဆေးများကို အသုံးပြုခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားသည့် ဟောင်ကောင်၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု မြင့်တက်လာနေသည့်အပေါ် စိုးရိမ်ကြောင့်ကြမှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့်ငါးလကျော် အကြာကတည်းက ဆန္ဒပြမှုများ စတင်လာခဲ့သည်။ ယင်းအချိန်မှ စတင်ကာ ဆန္ဒပြသူ ၃၀၀၀ ကျော်ကို ဖမ်းဆီးထားပြီဖြစ်သည်။

အင်န်အိတ်ချ်ကေ