ဆိုးလ် စက်တင်ဘာ ၉
ဟော်မုဇ်ရေလက်ကြားဝန်းကျင်ရှိ အခြေအနေများကို လေ့လာဆန်းစစ်ရန် အရှေ့အလယ်ပိုင်းဒေသသို့ တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဝါရှင်တန်၏ တောင်းဆိုချက်အရ တောင်ကိုရီးယားအစိုးရက တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ပြင်ဆင်နေကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြနေချိန်တွင် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းကို စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်၏ တောင်းဆိုချက်အရ ဟော်မုဇ်ရေလက်ကြားသို့ ကင်းလှည့်လေယာဉ်များ စေလွှတ်ခြင်းကဲ့သို့သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် တောင်ကိုရီးယားအစိုးရက စဉ်းစားလျက်ရှိကြောင်း မီဒီယာများက သတင်းဖော်ပြ ကြသည်။
အဆိုပါအဖွဲ့သည် ပြီးခဲ့သည့်ရက်သတ္တပတ်ကပင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။
၎င်းတို့သည် စစ်ရေးဆိုင်ရာအဆောက်အအုံများကို လေ့လာကြည့်ရှုခြင်းနှင့် အခြားစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်ထားပြီး ယခုအပတ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပြန်ရောက်လာဖွယ်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


