တီဟီရန် ဩဂုတ် ၁၀
ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာခြင်းအတွက် ရေကြောင်းဝန်ဆောင်မှုဆိုင်ရာ ဝန်ဆောင်ခကောက်ခံသင့်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဗဂါအီက ဩဂုတ် ၁၀ ရက်တွင် ပြောကြားသည်။ အီရန်နှင့် အိုမန်ကြား ရေလမ်းကြောင်း သစ် သတ်မှတ်ရေးဆွေးနွေးပွဲတွင် ဟော်မုဇ်ရေလက်ကြား ရေကြောင်းဝန်ဆောင်မှုဆိုင်ရာ ဝန်ဆောင်ခနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ရှိ၊ မရှိ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အီရန်နှင့် အိုမန်ကြား ဆွေးနွေးပွဲများကို အပြုသဘောဆောင်၍ ကျင်းပနေပြီး ဆွေးနွေးပွဲအတွင်း ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ အန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရေး၊ ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းနှင့် မှုခင်းကျဆင်းရေးတို့အတွက် တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း သိရသည်။
အဆိုပါ ရေလက်ကြား၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ ရေလမ်းကြောင်းများကို အလယ်အလတ်အဆင့်ရှိ ရေလမ်းကြောင်းတစ်ခုဖြင့် အစားထိုးသုံးစွဲနိုင်ရေး နှစ်ဖက်ကြား သဘောတူညီချက်ရယူ ဆောင်ရွက်မည်ဖြစ်ကာ အဆိုပါရေလမ်းကြောင်းသစ်အား နှစ်ဖက်ကြား ရေကြောင်းသွားလာရေး စည်းမျဉ်းသစ် မချမှတ်မီအချိန်အထိ ယာယီအသုံးပြုမည်ဟု သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း အီရန်တာဝန်ရှိသူက ပြောကြားသည်။ အီရန်အနေဖြင့် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးမည်မဟုတ်ကြောင်းနှင့် ကြားခံညှိနှိုင်းသည့် နိုင်ငံများမှတစ်ဆင့်သာ ဆွေးနွေး ဆောင်ရွက်မည်ဟု အစ္စမေးဗဂါဒီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


