မက္ကဆီကိုကမ်းရိုးတန်းအနီး ဟာရီကိန်းမုန်တိုင်း ဆိုင်မွန်တိုက်ခတ်နေစဉ် ကမ္ဘာ့လေထုအပေါ်ပိုင်း၌ ထူးခြားသော လှိုင်းဂယက်များဖြစ်ပေါ်နေသည်ကို ဂြိုဟ်တုမှတ်တမ်းတင်နိုင်ခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းအနီးသို့ ချဉ်းကပ်လာသော ဟာရီကိန်းဆိုင်မွန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာမြေမျက်နှာပြင်အထက် အလွန်မြင့်မားသော လေထုအလွှာများ၌ ထူးခြားသည့်လှိုင်းပုံစံများ ပေါ်ထွက်နေသည်ကို အမေရိကန် အာကာသအေဂျင်စီ နာဆာ (NASA) ၏ ဂြိုဟ်တုအချက်အလက်များမှတစ်ဆင့် တွေ့ရှိခဲ့သည်။
အောက်တိုဘာ ၁၁ ရက်တွင် ဆိုင်မွန်သည် အမြင့်ဆုံးအဆင့်ဖြစ်သော အဆင့်(၄) ဟာရီကိန်းအဖြစ် အားကောင်းနေချိန်၌ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ ခန့်အထိရှိခဲ့သည်။ ထိုနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်တွင် NASA ၏ Suomi NPP ဂြိုဟ်တုပေါ်ရှိ VIIRS ကိရိယာက မုန်တိုင်း၏ပုံရိပ်ကို မှတ်တမ်းတင်ခဲ့သည်။ ထိုအချိန်၌ မုန်တိုင်းဗဟိုချက်သည် မက္ကဆီကိုကမ်းခြေမှ ကီလိုမီတာ ၅၀ ခန့်အကွာတွင် ရှိနေခဲ့သည်။
ထူးခြားချက်မှာ မုန်တိုင်း၏သက်ရောက်မှုသည် မြေပြင်နှင့် ပင်လယ်ပြင်တွင်သာ ရပ်တန့်မနေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက် နံနက်အစောပိုင်းတွင် NOAA-21 ဂြိုဟ်တုပေါ်ရှိ VIIRS ကိရိယာက ဟာရီကိန်းမှ အပြင်ဘက်သို့ ဖြာထွက်နေသည့် လေထုဆွဲငင်အားလှိုင်းများ(Atmospheric Gravity Waves)ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုလှိုင်းများသည် ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များနှင့် ဆင်တူသည့်ပုံစံမျိုးဖြင့် လေထုအတွင်း ပျံ့နှံ့သွားကြသည်။
ဟာရီကိန်းမုန်တိုင်းမှဖြစ်ပေါ်သော လှိုင်းများကို ဂြိုဟ်တုက အမြဲတမ်းမြင်တွေ့နိုင်ခြင်းမရှိပါ။ အမြင့်ပိုင်းလေထုရှိ လေပြင်းများက လှိုင်းများကို အားပျော့စေနိုင်သောကြောင့်ဖြစ်သည်။ ဆိုင်မွန်ကို စောင့်ကြည့်ချိန်တွင် လ၏ အလင်းရောင်အနည်းငယ်သာရှိနေခြင်းက အလင်းဖျော့ဖျော့နှင့် လှိုင်းပုံစံများကို ပိုမိုထင်ရှားစွာတွေ့မြင်နိုင်စေခဲ့ခြင်းဖြစ်သည်။
Ref: scitechdaily


